CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Saturday, February 28, 2009

အရှုံး

ကဗျာမပီ စာမပီလို့ ပြောလို့ရပါတယ်... ဒီနေ့ စာသင်ချိန် အခန်းထဲမှာ ရေးဖြစ်သွားတာပေါ့... ကိုယ့်အရှုံးအတွက် ကိုယ့်ကိုယ်ကို စိတ်ဖြေနှစ်သိမ့်တဲ့စာဆိုလည်း မမှားပါဘူး... ခေါင်းစဉ်တော့မရှိသေးဘူး... ပေးချင်စိတ်လည်း မရှိပါဘူးလေ... ဖတ်တဲ့သူအတွက် အပျင်းပြေတယ်ဆိုရင်ပဲ ရေးရကြိုးနပ်မှာပါ...



ကြိုသိခဲ့ပေမယ့်
အဆုံးသတ်ချိန်ထိ
အဆင်သင့်မဖြစ်ခဲ့ဘူး

ပေးဆပ်ခဲ့တာတွေအားလုံး
သဲထဲရေသွန်
မထူးဆန်းတော့ပါဘူးလေ

ဘာကိုမှမမျှော်လင့်ခဲ့ပါဘူးလို့
ငါမပြောဘူး
တစ်ခုသောမျှော်လင့်ခြင်းကလည်း
တန်ပြန်မှမလာခဲ့ဘဲ

အလိုဆန္ဒရဲ့ခြေရာ
အိပ်မက်တွေကလည်း
တစ်စစီကြေမွ
နာကျင်ခံပြီး ပြန်ဆက်မနေတော့ဘူး

ကောက်ရိုးမီးလိုနင့်အချစ်ကို
တပ်မက်ခဲ့တဲ့
ကိုယ့်ကိုယ်ကို အပြစ်တင်မယ်

ငါ့ကိုနောင်တရစေတဲ့အရာက
တစ်ချိန်ကငါကိုယ်တိုင်
လိုချင်တပ်မက် တောင်းဆိုခဲ့တဲ့အရာဖြစ်လို့
နောင်တရလားလို့ မမေးသင့်ဘူးကွယ်

အချိန်တန်တော့လည်း
ငါနင့်ကို ဆုံးရှုံးလိုက်တာပါပဲ
ဒါပေမယ့်နင်သိလား
တကယ်ချစ်တဲ့သူမှာ အရှုံးဆိုတာမရှိဘူး

အမှန်ကန်ဆုံးချစ်ခဲ့တဲ့အတွက်
ငါမရှုံးပေမယ့်
အဲဒီအချစ်ကို မမြင်ခဲ့တဲ့သူအတွက်မှာတော့
တစ်သက်တာအချစ်စစ်ကို
ဆုံးရှုံးလိုက်ရခြင်းပဲ

ဒီအချိန်လောက်ဆို
ငါပေးလိုက်တဲ့အရှုံးတွေ
တစ်ပွေ့တစ်ပိုက်နဲ့
နင်တော့ဘယ်ရင်ခွင်မှာ ပျော်နေမယ်ငါမသိ
…………

Thursday, February 26, 2009

မိုးရွာတဲ့နေ့









下雨天Xia Yu Tian - Lara Nan Quan Ma Ma



ဒီသီချင်းလေးကတော့ ကျွန်မရဲ့ ပထမဆုံးနဲ့နောက်ဆုံး တိတ်တိတ်လေး ခိုးချစ်ခဲ့ရတဲ့သူအတွက်ပါ
သူ့ကိုလွမ်းမိတဲ့အချိန်ဆိုရင် ဒီသီချင်းနားထောင်ရတိုင်း ငိုမိတယ်

အားလုံးပဲ ခံစားလို့ရအောင် ကျွန်မဘာသာပြန်ပေးထားပါတယ်... :)

သီချင်းလေးနာမည်က "မိုးရွာတဲ့နေ့" တဲ့
Mp3 အတွက်တော့ purplekiss@myluv4ever.com မှာ request လုပ်လို့ရပါတယ်ရှင် :)




မိုးတွေရွာနေပြီ ဘာလိုလုပ်ရမလဲ ငါနင့်ကိုအရမ်းလွမ်းတာပဲ


ငါနင့်ဆီဖုန်းလည်းမဆက်ရဲဘူး ငါ့မှာအကြောင်းပြချက်ရှာမရဘူးလေ


အိပ်မရခြင်းရဲ့အသံတွေက ငါနဲ့ဘာလို့ ရင်းနှီးလာရတာလဲ


တိတ်ဆိတ်မှုတွေကတော့ နင့်အစား


မိုးတိတ်တာကို ငါနဲ့အတူစောင့်နေတယ်



စောင့်မျှော်ရခြင်းက လူတွေကိုပိုပြီး စိတ်ပင်းပန်းစေတယ်


ငါ့လိုမျိုး ကိုယ့်ရဲ့တစ်ယောက်သောသူကို

ရှာမတွေ့တဲ့သူ ဘယ်သူများရှိနေလဲ

နင့်ကိုချစ်မိမှပဲ အထီးကျန်ခြင်းရဲ့အရသာကိုငါအမြဲတမ်း သင်ယူနေရတော့တယ်


ငါတစ်ယောက်တည်းပဲ ထီးကိုကိုင်ရင်း


ငါတစ်ယောက်တည်းပဲ မျက်ရည်တွေကိုသုတ်ရင်း


ငါတစ်ယောက်တည်း တော်တော်လည်း ပင်ပန်းလှပါပြီ



ဒါဟာဘယ်လိုမိုးမျိုးလဲ


ဒီညကရော ဘယ်လိုညလဲ


ငါဆိုတာကရော ဘာကြောင့်နင့်ကို ပိုလွမ်းမိနေတာလဲ


မင်းရဲ့စာနာမှုကိုမရခင်အချိန်ထိ


ဒီမိုးကဘယ်လောက် သည်းနေဦးမလဲ


ညကရောဘယ်လောက် မှောင်နေဦးမှာလဲ



တကယ်တော့ ငါမရှိရင် အဆုံးသတ်ကဘယ်လောက်


ရှင်းလင်းသွားမယ်ဆိုတဲ့ကွာခြားမှုကို နင်ပြောနိုင်မှာပါ


နင်ဝမ်းနည်းနေမယ်လို့မပြောပါနဲ့


နင်ပြောင်းလဲလာနိုင်တယ်လိုလည်း မပြောပါနဲ့


အချစ်ခံရတဲ့သူအတွက်က တောင်းပန်ဖို့မလိုလို့ပါ…

Monday, February 23, 2009

သူ့အကြောင်း

ကျွန်မယောက်ျားတစ်ယောက်ကို ချစ်ခဲ့ဖူးတယ်… သူဟာကျွန်မရဲ့ပထမဆုံးရည်းစားမဖြစ်ခဲ့သလို နောက်ဆုံးရည်းစားလည်း မဟုတ်ပါဘူး… ဒါပေမယ့် ကျွန်မရဲ့တစ်ဦးတည်းသော အချစ်ဆုံးချစ်သူတစ်ယောက်ဖြစ်ခဲ့တယ်… အခုထိလည်းဖြစ်နေဆဲပါပဲ…

၃နှစ်ဆိုတဲ့အချိန်အတွင်းမှာ စဉ်းစားလိုက်ရင် သူကျွန်မပေါ်အနိုင်ကျင့်ခဲ့တာ၊ တန်ဖိုးမထားခဲ့တာ၊ တရားမမျှတခဲ့တာ၊ သစ္စာမရှိခဲ့တာတွေ အများကြီးပါပဲ… အဲဒါတွေအားလုံးကို သူသိသလို ကျွန်မလည်းသိတယ်… ဒါပေမယ့် သူ့ဘက်က အမှားတစ်ခုကို ကျူးလွန်ဖို့အဆင်သင့်ဖြစ်နေချိန်မှာ ကျွန်မဘက်က သူ့အမှားဆယ်ခုကို ခွင့်လွှတ်ဖို့အသင့်ဖြစ်နေတယ်ဆိုတာ ကျွန်မကိုယ်တိုင်မသိခဲ့ဘူး…

သူကျွန်မကိုထားခဲ့ဖူးတယ်… အကြိမ်ကြိမ်ပါပဲ… သူထားခဲ့တိုင်းလည်း ကျွန်မကိုယ်ကျွန်မ ပြောနေမိတယ်… နောက်တစ်ကြိမ်ထပ်ပြီး လက်မခံတော့ဘူးလို့… ဒါပေမယ့် ကျွန်မနေနိုင်မယ်ထင်လား… သူ့နောက်တစ်ကြိမ်ပြန်လာဖို့အတွက်ဖုန်းဆက်တိုင်း ကျွန်မသူ့ဖုန်းနံပါတ်မြင်တာနဲ့ ရင်ခုန်သံတွေမြန်နေခဲ့တာ… ဒါတွေသူသိမှာ မဟုတ်ပေမယ့် ကျွန်မကတော့ သူထွက်ချင်ရင်ချက်ချင်းထွက်သွားနိုင်ပြီး သူဝင်ချင်ရင်အချိန်မရွေးဖွင့်ဝင်လာနိုင်တဲ့ တံခါးတစ်ချက်ဖြစ်နေခဲ့ရောပေါ့…

ကျွန်မတို့ရဲ့ ရည်းစားဘဝမှာ သူကျွန်မကိုနိုင်ခဲ့ပါတယ်… နိုင်မှန်းမသိကို နိုင်ခဲ့တာပါ… ဒီလိုနဲ့ကျွန်မလည်း အကြိမ်ကြိမ်ရှုံးခဲ့တာပေါ့… တစ်ခါတစ်လေတော့လည်း ကျွန်မရှုံးခဲ့သလို သူ့ကိုရှူံးစေချင်လို့ သူကျွန်မကိုပြုမူသလိုမျိုးတွေ ကျွန်မပြန်ဆက်ဆံဖူးတယ်… ဒါပေမယ့် ထူးဆန်းတယ်ရှင်… သူနိုင်တဲ့အချိန်မှာ ကျွန်မရှုံးခဲ့ပေမယ့် သူရှုံးတဲ့အချိန်မှာ အဲဒါဟာကျွန်မရဲ့ဆုံးရှုံးမှုလည်း ဖြစ်နေရလောက်အောင် ကျွန်မဘဝဟာ သူဘဝထဲကို စီးမျောနေခဲ့တာ…

ရည်းစားသက်တမ်းကြာလာတာနဲ့ ရင်မခုန်တော့ဘူးလို့ ပြောကြတဲ့သူတွေကို ကျွန်မရယ်ချင်လိုက်တာရှင်… အခုချိန်ထိ သူကျွန်မလက်ကိုကိုင်ရင်တောင် ကျွန်မရင်ခုန်နေတုန်းပါ… နောက်ဆုံး သူ့ကိုယ်သင်းနံ့လေးရနေရင်တောင် ကျွန်မရင်တွေခုန်လာမိတာ…

ကျွန်မကိုသူထားခဲ့တဲ့အချိန်တွေမှာ တစ်ခါတစ်ခါ နောက်ရည်းစားတွေထားဖြစ်ပါတယ်… ဒါပေမယ့် ကျွန်မရင်ထဲမှာဘာခံစားချက်မှ မရှိဘူး… လက်ကိုင်ပွေ့ဖက်တာကအစ ကျွန်မအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်နေခဲ့တယ်… အဆိုးဆုံးကတော့ ချစ်တယ်ဆိုတဲ့စကားကို ပြောရတဲ့အချိန်ပါပဲ… ကျွန်မပါးစပ်ကနေ ပြောထွက်ဖို့ ကျွန်မသိပ်အချိန်ယူရတယ်… ကိုယ့်ကိုယ်ကိုရော သူများကိုပါ လိမ်မိနေတယ်ဆိုတာ ကျွန်မသိလို့လေ… အချိန်တွေ ကြာလာတာနဲ့အမျှ ကျွန်မရင်ထဲမှာ လက်ခံနိုင်တယ်ဆိုတာ သူတစ်ယောက်ပဲရှိတယ်လို့ သေချာလာခဲ့တယ်… ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူကလည်း ကျွန်မကိုတကယ်မချစ်နိုင်သေးဘူးဆိုတာ သေချာနေပြန်တယ်… ဒီအကြောင်းတွေ စဉ်းစားမိရင် ကျွန်မရဲ့ရင်ဘတ်က စူးစူးဝါးဝါးနာကျင်တဲ့ဝေဒနာကို ခံစားရတယ်ရှင်… အချိန်တွေ ဘယ်လောက်ပဲ ကြာသွားကြာသွားပေါ့လေ…

သူနဲ့ပက်သက်ရင် ကျွန်မက သဝန်ကြောင်တတ်တဲ့မိန်းမတစ်ယောက်လည်း ဖြစ်ခဲ့သေးတယ်… တစ်ခြားသူတွေအတွက်တော့ ကျွန်မ မသိဘူး… ကျွန်မအတွက်ကတော့ ကျွန်မချစ်လေ သဝန်တိုမိလေပါပဲ… ဘာကြောင့်ဆိုတာတော့ ကျွန်မလည်းမသိဘူး.. တစ်ခါတစ်လေ အဲဒီသဝန်တိုတဲ့ ကိစ္စကြောင့်ပဲ သူနဲ့ကျွန်မ ခဏခဏပြဿနာတက်ဖူးပါတယ်… ဒါပေမယ့် ဒါတွေဟာ ကျွန်မသူ့ကို သိပ်ချစ်လို့ပါဆိုတာ သူသိစေချင်လိုက်တာရှင်…

ကျွန်မဘဝမှာ ဘယ်အရာကမှ အချိန်ကြာကြာ စိတ်ဆင်းရဲစေပြီး အချိန်ကြာကြာ မျက်ရည်မကျစေခဲ့ပါဘူး… ဒါပေမယ့် ကျွန်မသူထားခဲ့လို့ ၂လနီးပါး နေ့စဉ်ရက်ဆက် အခန်းတံခါးပိတ်ပြီး ငိုခဲ့ရဖူးတယ်… သူကျွန်မဆီပြန်လာတဲ့အချိန်ကြတော့လည်း ဒီလူဟာငါ့ကို စိတ်ဆင်းရဲအောင် အကြိမ်ကြိမ်လုပ်ခဲ့သူပါလားလို့တောင် ကျွန်မတွေးမိဖို့ သတိမရခဲ့ပါဘူး… အဲဒီအချိန်မှာ ကျွန်မဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး မိန်းမတစ်ယောက် ဖြစ်နေခဲ့လို့ပေါ့…

ကျွန်မလေ သူစိတ်ဆိုးအောင်၊ စိတ်အနှောင့်အယှက်ဖြစ်အောင်၊ စိတ်ကုန်သွားအောင်လို့ ဘယ်လိုစကားကိုမှ မပြောဖြစ်အောင် ကြိုးစားတယ်… သူစိတ်ကုန်ပြီး ကျွန်မကိုထားသွားမှာကို ကျွန်မသေလောက်အောင်ကြောက်လို့ပါ… ကျွန်မအတွက်ကတော့ သူ့ကိုပိုင်ဆိုင်ခွင့်ရလေလေ ဆုံးရှုံးရမှာကို ကြောက်မိလေလေပဲ…

သူကကျွန်မရဲ့လိုအပ်ချက်တွေ အကုန်လုံးကို မဖြည့်ဆည်းပေးနိုင်ပါဘူး… ဒါပေမယ့် သူရှိနေရင် အရာရာပြည့်စုံနေတယ်လို့ ကျွန်မခံစားရတယ်… ကျွန်မစိတ်ဓါတ်ကျနေတဲ့အချိန်မှာတောင် သူ့ဘက်ကဘာအားပေးစကားမှ သိပ်မပြောပေးနိုင်ပေမယ့် ကျွန်မအားငယ်နေချိန်မှာ သူအနားမှာရှိပေးနေရုံနဲ့တင် ကျွန်မသူ့ကိုကျေးဇူးတင်လို့ မဆုံးခဲ့ပါဘူး

ကျွန်မနဲ့သူနဲ့ဆိုရင် ကျွန်မကအသက်နည်းနည်းပိုကြီးပါတယ်… ဒါပေမယ့် တစ်ခါတစ်လေတော့လည်း ကျွန်မသူ့ကိုကလေးတစ်ယောက်လို ချွဲကြည့်တယ်… တစ်ခါတစ်လေတော့လည်း ကျွန်မတို့မိန်းမတွေမှာ ရှိနေပြီးသားဖြစ်တဲ့မိခင်စိတ်ကြောင့် အဆင်မပြေတာတွေ့ခဲ့ရင် အမေတစ်ယောက် အစ်မတစ်ယောက်လို ပြောမိပြန်တယ်… ကျွန်မကသူ့အတွက်ဆိုရင် လိုလေသေးမရှိအောင် ပြည့်စုံတဲ့ချစ်သူတစ်ယောက်ဖြစ်ချင်တယ်… ဖြစ်အောင်လည်း ကြိုးစားခဲ့ပါတယ်… တစ်ခါတစ်လေမှာ သူဒါတွေ နားလည်ခဲ့ရင် မြင်နိုင်ခဲ့ရင်သိပ်ကောင်းမှာပဲလို့ စဉ်းစားမိပါတယ်...

သူ့ကိုလေ အသိစိတ်တွေဝင်ပါတော့ကိုရယ်လို့ပြောချင်တဲ့ ကြိတ်မနိုင်ခဲမရစိတ်တွေလည်း ကျွန်မဆီမှာ မကြာခဏဝင်လာခဲ့ဖူးတယ်… ကျွန်မနဲ့ပက်သက်ရင် သူ့ဘက်က ဘယ်တုန်းကမှ လေးနက်ပုံမပြခဲ့လို့ပါ… ကျွန်မဘက်က သိပ်ပြီးလေးနက်လွန်းနေတာလည်း ဖြစ်နိုင်ပါတယ်… ကိုယ့်ကိုယ်ကို သတိထားပြီးဆုံးမပါတယ်… သိပ်ပြီးမလေးနက်ဖို့… ဒါပေမယ့် မဖြစ်နိုင်ခဲ့ဘူး… သူနဲ့ပက်သက်ရင် အရာရာတိုင်းမှာ ကျွန်မလေးနက်မှုတွေ ရှိနေခဲ့တယ်… ကျွန်မကသူ့ကို ကျွန်မတစ်ဘဝလုံးအတွက် ရည်းစူးထားပြီးနေပြီကိုး…

ကျွန်မမှာလေ လူတစ်ယောက်ရဲ့စိတ်ထဲကိုဝင်ကြည့်နိုင်တဲ့ စွမ်းအားတစ်ခုရခဲ့ရင် သိပ်ကောင်းမှာပဲရှင်… အဲဒီအချိန်ကျရင် ကျွန်မပထမဆုံးဝင်ကြည့်ဖြစ်မှာ သူ့ရဲ့စိတ်ကိုပါပဲ… ဘာကြောင့်လဲဆိုတော့ အချိန်သာ၃နှစ်ဖြစ်သွားခဲ့တယ်… သူကျွန်မကို ချစ်မချစ်ဆိုတာ ကျွန်မအခုထိ မသေချာသေးလို့ပါပဲ… သူကျွန်မကို တကယ်ချစ်တယ်ဆိုတာကိုသိလာရတဲ့တစ်နေ့မှာ ကျွန်မဝမ်းသာလွန်းလို့ ကမ္ဘာကြီးရော ကျွန်မရဲ့ရင်ခုန်သံတွေရော ခဏလောက်တော့ ရပ်သွားလိမ့်မယ်ထင်တယ်…

ကျွန်မနဲ့သူနဲ့ဝေးရဖို့ကို ကျွန်မဘက်က ဘယ်တော့မှ မစဉ်းစားရဲခဲ့ဘူး… ခွဲနိုင်မှာမဟုတ်ဘူးဆိုတာလည်း ကျွန်မကိုယ်ကျွန်မသိတယ်… ကျွန်မ မသိတာက သူနဲ့ဝေးရဖို့အတွက် ကျွန်မဘယ်အချိန်မှာမှ အဆင်သင့်ဖြစ်မယ်ဆိုတာကိုပါ… သေချာပါတယ်ရှင်… ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး… ဘာကြောင့်လဲဆိုတော့ ကျွန်မသူ့အပေါ်ထားတဲ့အချစ်က ငယ်ရွယ်စဉ်မှာ ရူးမိုက်ခဲ့တဲ့ဆယ်ကျော်သက်အချစ်မျိုးမဟုတ်ဘဲ တစ်ဘဝလုံးဘယ်တော့မှ ရော့လည်းမသွား ပြောင်းလည်းလို့လည်းမသွားနိုင်တဲ့ တည်ကြည်လေးနက်တဲ့အချစ်တစ်ခုဖြစ်နေလို့ပေါ့…

တကယ်တော့လူတစ်ယောက်ကိုချစ်တယ်ဆိုတာ သိပ်ခက်ခဲတဲ့ အနုပညာရပ်တစ်ခုပါ… ပါဝင်သင့်တဲ့အရာအားလုံးပါဝင်နေရသလို ပါဝင်မှုတွေ အချိုးကျဖို့လည်း လိုအပ်ပါတယ်… ချစ်သူနှစ်ဦးမှာ ဒီထက်အရေးကြီးတဲ့အရာကတော့ ကိုယ်ပေးတာနဲ့သူလိုအပ်တာ၊ သူပေးတာနဲ့ ကိုယ်လိုအပ်တာ၊ နောက်ဆုံး သူ့အချစ်နဲ့ကိုယ်အချစ် ထပ်တူကျဖို့ပါ… ကျွန်မအတွက်ကတော့ သူ့အချစ်တွေ ကျွန်မအချစ်နဲ့ထပ်တူကျလာမယ့်နေ့ကို စောင့်မျှော်ရင်းနဲ့ပဲ…………………………………………