CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Friday, March 20, 2009

ရရှိမှု


YaShiMhu - Khin Phone




ဘာကြောင့်လဲမသိဘူး… ဒီသီချင်းကြားရတော့ မျက်ရည်တွေ အလိုလိုကျလာမိတယ်… ကျွန်မရှင့်ကို မေ့လို့မရသေးဘူးထင်ပါရဲ့… နှလုံးသားတစ်ခုကို ရှင်ရက်နဲ့ သေနေအောင် ရှင်မို့လို့ လုပ်ရက်ခဲ့တယ်နော်… ရှင်တော်ပါတယ်… ကျွန်မအခုလေ ဘယ်သူ့ကိုမှလည်း ချစ်လို့မရတော့ဘူး… ရှင့်ကိုလည်း မေ့လို့မရဘူး… ကျွန်မကိုချစ်တဲ့သူတွေကိုလည်း အသိအမှတ်မပြုပေးနိုင်တော့ဘူး… ရှင်ကျွန်မအချစ်ကို အသိအမှတ်မပြုချိန်တွေကလိုမျိုး သူတို့လည်းခံစားရမယ် ထင်ပါရဲ့ရှင်… ဒီလိုနဲ့ပဲ ဘယ်အချိန်ထိ သံသရာတွေ ဆက်လည်နေမယ်မသိပါဘူး…

ကျွန်မလေရှင့်အကြောင်းကို စဉ်းစားမိတိုင်း ကျွန်မရဲ့နှလုံးသားက တစ်စက်စက်နဲ့ သွေးယိုလာသလို နာကျင်လာတယ်… တကယ်တော့ ကျွန်မသိခဲ့ဖို့ကောင်းတယ်… အချစ်မှာ Past Tense မရှိဘူးဆိုတာ… အချစ်မှာ ချစ်ခဲ့တယ်ဆိုတာမရှိဘူး… လူတစ်ယောက်ကို ချစ်မိရင် အဲဒီလူဘာပဲဖြစ်ဖြစ် ဘယ်အခြေအနေမျိုးနဲ့ပဲရှိရှိ ဆက်ချစ်နေမှာပဲ… ဘယ်အခြေအနေကမှာ အဲဒီအချစ်ကို ဖျက်ဆီးပစ်လို့မရပါဘူး… ကျွန်မလည်း အခုဒီလိုပါပဲ… ရှင်ကလွဲပြီး ဘယ်သူ့ကိုမှ ချစ်လို့မရဘူးရှင်… အဲဒါဟာ ရှင့်နောက်မှထားတဲ့ ကျွန်မရဲ့ရည်းစားပေါ် သစ္စာဖောက်မှုဖြစ်နေတော့မလားဆိုတာ ကျွန်မမသိဘူး…

ကျွန်မရှင့်ကို နာကျည်းလိုက်ချင်ပါတယ်… ဒါပေမယ့် နာကျည်းလို့မရလောက်အောင် ကျွန်မရှင့်ကို မြတ်နိုးမိနေတယ်… ကျွန်မရှင့်ကို မုန်းတီးလိုက်ချင်တယ်… မုန်းတီးလို့မရလောက်အောင်လည်း မက်မောတမ်းတခဲ့မိတယ်… အငြိုးတကြီးနဲ့ လက်စားချေချင်စိတ်တွေလည်း ပေါ်လာဖူးတာပဲ… ဒါပေမယ့် နူးညံ့မှုနည်းနည်းမှမပါတဲ့ ရှင့်ရဲ့ခေါ်သံအောက်မှာ အရည်ပျော်ခဲ့ရတာ အကြိမ်ကြိမ်ပဲပေါ့… ချစ်ခဲ့တဲ့အချိန်တွေမှာ ရှင့်ဘက်ကဖန်တီးပေးတဲ့ ပျော်ရွှင်မှုဆိုတာ ရှိခဲ့ဖူးလား… သာမန်မိန်းမတိုင်းကို စိတ်ညစ်လောက်စေမယ့် ရှင့်ရဲ့လျစ်လျုရှုမှုတွေကြားမှာ ကျွန်မကသာရှင့်ကိုချစ်လွန်းလို့ ပျော်ရွှင်နေခဲ့ဖူးတာ… ဆန့်ကျင်စွာနဲ့ပဲ ကျွန်မဖန်တီးပေးသမျှ ရှင့်အတွက်ပျော်ရွှင်မှုတွေကိုတော့ ရှင်မြင်နိုင်စွမ်းမရှိနိုင်ခဲ့ဘူးပေါ့…

ထားလိုက်ပါတော့လေ… ကြာခဲ့ပါပြီ… ဒါပေမယ့် အခုတော့ ဒီသီချင်းနားထောင်ပြီး ရှင့်ကိုကျွန်မလွမ်းနေတယ်… ရှင်သိသိမသိသိပေါ့…


ရရှိမှု-ခင်ဘုဏ်း

မာနတွေကင်းမဲ့
ခွင့်လွှတ်ခဲ့ပါတယ်
အချစ်ဆုံးသူလေးရဲ့
မင်းသဘောထားတွေနဲ့
မတိုက်ဆိုင်တာလေးတွေ
ကြုံလာတိုင်းငါ့ရဲ့အပြစ်ဆို
အနိုင်မယူချင်လို့
အရှုံးပေးမယ့်သူပါ

နင့်အနားမှာအဖြည့်ခံ
မင်းစိတ်ကြိုက်ပါပဲ
နာကျည်းအောင်မင်းလေး
ရက်စက်တတ်တာပဲ
ဘဝကိုပုံအပ်ထား
မငြိုငြင်ဘူးမင်းအတွက်ဆို
ချည်နှောင်ခါလည်း
မမုန်းရက်ခဲ့သူပါ

ငါလေမင်းကြောင့်ပျော်ရွှင်ခဲ့ဘူးတယ်
ခဏလေးမင်းကြောင့်အိပ်မက်များ လှပခဲ့ပေမယ့်
ငါလေမင်းကြောင့်ငိုနေခဲ့ဖူးတယ်
ငါလေမင်းကြောင့်ဒဏ်ရာများ
ရခဲ့ဖူးပါတယ်
ဘေဘီ

Thursday, March 19, 2009

စာမေးပွဲ အဖျား so called exam fever :P


စာလည်းမရသေးဘူး… မနက်ဖြန်စာမေးပွဲဖြေရတော့မယ်… ဆက်ကျက်လည်းရမှာမှ မဟုတ်ဘဲ… ဘလော့ဂ်ထိုင်ရေးနေတာတောင် ကောင်းမလားကွယ်…

အမေတို့ အဖေတို့ရေ စာမေးပွဲကျခဲ့ရင် နားလည်ပေးနိုင်ကြပါစေ… ရပ်ဝေးမှာရှိနေတဲ့သမီးကို ပိုက်ဆံလည်း များများထက်ပို့နိုင်ကြပါစေ… :P စာမေးပွဲကျခဲ့ရင် ပိုက်ဆံကလည်း ထပ်ကုန်ဦးမှာကိုး…

တစ်ခုတော့လည်းကောင်းပါတယ်လေ… ချစ်လှစွာသော dear lecturer နဲ့တော့ ပြန်တွေ့ရမှာပေါ့နော်… ဟီးဟီး… ကျခဲ့ရင်ပြောပါတယ်… ဆရာရေ… ပြန်တွေ့ရဖို့ သမီးအကျခံလိုက်တော့မယ်…

အင်း… တက်ခဲ့တာတွေ အလကားမဖြစ်ရအောင်တော့ မနက်ဖြန်မှာ အတတ်နိုင်ဆုံး ဦးနှောက်အခမ်းခံ အဲလေ အခြောက်ခံတယ်ပြီး ရသလောက်တော့ ဖြေရတော့မှာပေါ့… ရှိရှိသမျှ အတွင်းမင်း အပြင်မင်း ဝင်းမင်းများလည်း သိသိသမျှနည်းများနဲ့ ကယ်တော်မူကြပါကုန်… အိမ်ကအမေလည်း ဘုန်းဘုန်းဖယောင်းတိုင်ထွန်းပြီး ဆုတောင်းပေးပါလော့ :P အဖေ့ရဲ့မီးခံသေတ္တာထဲကငွေများလည်း မျက်ခုံးလှုပ်နေပြီလားမသိပါ…

ခံစားချက်ချင်း လောလောဆယ်တူညီနေတဲ့ သူငယ်ချင်းများကိုလည်း အားပေးပါတယ်… နင်တို့ချည်းပဲမဟုတ်ဘူး… အဖော်ရှိသေးတယ်လို့… ဟီးဟီး…

ကဲကဲ… အားလုံးပဲ အိပ်ကောင်းခြင်းနဲ့ အိပ်ပျော်ကြပါစေ… စာကြိတ်ကျက်သူများမပါ
:P

ဒဏ်ရာ


ဘယ်သူ့အကြောင်းလည်းလို့တော့ မမေးကြပါနဲ့... သက်ဆိုင်သူတစ်ယောက်သိရင် ကျေနပ်ပါပြီ








လွမ်းမိတဲ့သူက မှားခဲ့ရင်တောင်
လွမ်းမိတဲ့နှလုံးသားကို အပြစ်မတင်ပါနဲ့

လူ့ကျင့်ဝတ်တဲ့လား
ခိုင်မာလိုက်တဲ့ တံတိုင်းကြီးကွယ်
လက်ညှိုးတွေဝိုင်းထိုးကုန်ကြပြီ
အပြုံးလေးတစ်ပွင့်နဲ့ဖြစ်ဖြစ်
အားပေးပါတော့လား

သော့ခတ်ထားတဲ့နှလုံးသားကို
အတင်းရိုက်ချိုးပြီးဝင်လာခဲ့တယ်
အခုမှတော့လည်း အပြစ်မတင်ချင်ပါဘူး
ငါ့တံခါးကိုက ခပ်နဲ့နဲ့ရယ်ပါ

အခြေအနေတစ်ခုခုကိုပြောင်းလဲပြစ်ချင်ပါတယ်
ဒါပေမယ့် ပိုကောင်းလာမယ်ဆိုတဲ့ ယုံကြည်မှု
ငါ့မှာမှမရှိဘဲ

မင်းအကြောင်းပြောမိနေတဲ့ ငါ့နှုတ်ခမ်းကို
နှုတ်ပိတ်လို့ရပါတယ်
မင်းအကြောင်းစဉ်းစားမိနေတဲ့ နှလုံးသားတစ်ခုကိုတော့
တားဆီးလို့ရမယ်လို့
မင်းမျှော်လင့်ထားမိလေသလား

အဲဒီအပြုံး
ငါချစ်တာလည်း အဲဒီအပြုံး
ငါကြောက်တာလည်း အဲဒီအပြုံးပဲ
ဘာလို့လည်းသိလား
လုပ်ချင်ပေမယ့်မလုပ်သင့်တဲ့အရာတွေကို
အဲဒီအပြုံးက တွန်းအားကောင်းကောင်းကြီးကို
ပေးနိုင်လို့ပေါ့

အချိန်တွေမလွန်သေးပါဘူး
တိတ်တဆိတ်လေးစတင်ပြီး
တိတ်တိတ်လေးချစ်ခဲ့ရသလို
တိတ်တိတ်လေးပဲ
အဆုံးသတ်လိုက်မယ်
နှစ်ဖက်လုံးအတွက်
ဒဏ်ရာအနည်းဆုံးပေါ့
အတွင်းကျေခဲ့တဲ့နှလုံးသားအကြောင်းကိုတော့
စကားလာမစကြပါနဲ့နော်

Sunday, March 15, 2009

သူငယ်ချင်းတစ်ယောက်အကြောင်း


သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးတယ်… သူက ကျွန်မအတွက်တော့ ပထမဆုံးနဲ့ နောက်ဆုံး အချစ်ဆုံးသူငယ်ချင်း ဖြစ်မယ်ထင်ပါတယ်… ကျွန်မကပဲ အပေါင်းသင်းမတတ်တာလား… ဒါမှမဟုတ် လူတွေကကို သဘောထားညံ့ကြသလားဆိုတာ ကျွန်မအခုချိန်ထိမသိသေးဘူး… ကျွန်မ sociable ဖြစ်တာကိုပဲ လက်မခံနိုင်ကြတာလား… ဒါမှမဟုတ်… သူတို့ထက်သာတဲ့ အရည်အချင်းအချို့ ကျွန်မမှာရှိနေခဲ့လို့ မနာလိုမှုကြောင့် ဟန်ဆောင်ပြီးတောင် မပေါင်းသင်းနိုင်ကြတာလား… အဲဒါတွေ ကျွန်မ မသိခဲ့ပါဘူး…

ဒါပေမယ့် သူမကတော့ လူတိုင်းနဲ့ ဆန့်ကျင်ဘက်ပဲ… ကျွန်မဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်ချလာပြီး ခင်ခဲ့တာ… ကျွန်မနဲ့သူမ စပြီးခင်တဲ့အချိန်မှာ ၃တန်းပါ… အတန်းခွဲခြင်းလည်းမတူကြပါဘူး… ဒါပေမယ့် ဘာကြောင့်လဲမသိဘူး… အဲဒီတစ်ရက်မှာ သူကျွန်မအတန်းထဲကို ရောက်လာပြီး (ကျွန်မအခုထိသိမ်းထားဆဲဖြစ်တဲ့) မှတ်စုစာအုပ်လေးတစ်အုပ် လက်ဆောင်လာပေးခဲ့တယ်… သူ့မွေးနေ့မို့ လက်ဆောင်တဲ့… ကိုယ့်မွေးနေ့မှာ သူများကို လက်ဆောင်ပေးတဲ့သူကို ကျွန်မပထမဆုံး တွေ့ဖူးလိုက်ခြင်းပါ… ဘာပဲပြောပြော အဲဒီနေ့ထဲက သူကကျွန်မရင်ထဲမှာ ထာဝရရောက်သွားခဲ့တယ်…

ငယ်ငယ်လေးထဲကပါ… သူနဲ့တွေ့ရင် အစ်မတစ်ယောက် အမေတစ်ယောက်နဲ့နေရသလို ကျွန်မအတွက် လုံခြုံမှုရှိတယ်… ကျွန်မနဲ့ဆိုရင် သိပ်ပြီးပွင့်ပွင့်လင်းလင်းပေါင်းတတ်ပေမယ့် အမြဲတမ်း သူများနဲ့ဆိုရင်တော့ အရှက်အကြောက်ကြီးတတ်တဲ့ သူမရဲ့ အကျင့်စရိုက်တွေကို ကျွန်မအခုချိန်ထိ အသေးစိတ်မှတ်မိနေတယ်… ဆရာမစာမေးရင်တောင် ရှက်လွန်းလို့ စာရရဲ့သားနဲ့ မဖြေတာကြောင့် အဆူခံရတဲ့ အကြိမ်တွေလည်း သူမအတွက်နည်းမယ်မထင်ဘူး…

ငယ်ငယ်တုန်းက ရယ်ရတယ်… သူ့မမှာ သူမရဲ့အဖေနိုင်ငံခြားက ဝယ်လာတဲ့ ခေါင်းစီးကြိုးလေးတစ်ခုရှိတယ်… ခေါင်းစီးကြိုးလေးက သစ်သီးအစုံအလင်ပုံလေးပါ… ကျွန်မတို့နှစ်ယောက် ထမင်းစားကျောင်းမဆင်းသေးလို့ ဗိုက်ကလည်းသိပ်ဆာနေပြီဆိုရင် သူမက သူမခေါင်းစီးကြိုးက သစ်သီးလေးတွေကို ဖြုတ်ဖြုတ်ပြီးကျွေးလေ့ရှိတယ်… တကယ်တော့ ဘယ်ဟုတ်ပါ့မလဲရှင်…

ငယ်ငယ်တုန်းထဲက ကျွန်မတို့ ခံစားချက်တွေကို ဝေမျှခဲ့ကြဖူးတယ်… သူမအမေရိုက်လို့ သူမခေါင်းပေါက်သွေးထွက်တာကို အခုချိန်ထိ သူမအမေမသိဘူးဆိုတာကစလို့ သူမညီမလေးက ပိုးဟပ်မြင်ရင် ကိုင်ပေါက်တတ်တယ်ဆိုတာက အဆုံးပေါ့… သူမက အမြဲပြောလေ့ရှိတယ်… ကြီးလာရင် သမ္မတ္တလုပ်မှာတဲ့… မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးလို့ ကျွန်မပြောခဲ့မိသလားဆိုတာ ကျွန်မရေးတေးတေးပါပဲ…

ကျွန်မတို့တက်တဲ့ကျောင်းက အလယ်တန်းကျောင်းပါ… ၈တန်းအောင်ပြီးတဲ့အချိန်မှာ ဘယ်ကျောင်းဆက်တက်မယ်ဆိုတာက ကျွန်မတို့မိဘတွေရဲ့ ရွေးချယ်မှုပေါ့… သူမဘယ်ကျောင်းကို ရွေးမယ်ဆိုတာမသိပေမယ့် ကျွန်မအတွက်ကတော့ အကြောင်းကြောင်းကြောင့် မြန်မာကျောင်းကိုဆက်မတက်ရဘဲ GCE “O” LEVEL ကိုဖြေရဖို့ ဖြစ်လာခဲ့တယ်… ဒီလိုနဲ့ သူမနဲ့ကျွန်မလည်း အဆက်အသွယ်ပြတ်မှန်းမသိနဲ့ ပြတ်လာခဲ့တယ်… ဆက်လျှောက်တဲ့လမ်းချင်းမှ မတူတော့တာ…

ဒါပေမယ့် တစ်ရက်တော့ သူကျွန်မအိမ်ကို ရောက်ချလာတယ်… သူမ မလာခင်ကျွန်မဆီကို ဖုန်းအရင်ဆက်ပါတယ်… သိပ်ကိုအရေးတကြီးနဲ့ လာချင်ပုံပါပဲ… ဒါနဲ့ပဲ သူမရောက်လာတဲ့အချိန်မှာ ကျွန်မတို့အိမ်ခေါင်းရင်းက ဒန်းပေါ်မှာ စကားတွေပြောဖြစ်ကြတယ်… ကျွန်မမေမေရှိနေပေမယ့် ကျွန်မတို့သိပ်ခင်တာကို မေမေလည်း သိပြီးဖြစ်တော့ ကျွန်မတို့စကားပြောကြတဲ့ အချိန်မှာ မေမေကအိမ်ထဲမှာပဲ သွားနေခဲ့ပေးပါတယ်… ဘာသံသယမှလည်း မရှိခဲ့ဘူးပေါ့…

ကျွန်မကိုအံ့သြောသွားအောင် သူမပြောတယ်… သူမအိမ်ပေါ်ကနေ တစ်သက်လုံးဆင်းလာခဲ့တယ်တဲ့… ကျွန်မကအိမ်နဲ့ အဆင်မပြေ ခဏခဏဖြစ်တတ်ပေမယ့် အိမ်ပေါ်ကဆင်းဖို့ကို စိတ်ကူးတောင် မယဉ်ကြည့်ဘူးတော့ သူမအဲလိုပြောလိုက်တဲ့အချိန်မှာ တော်တော်လေးကို တုန်လှုပ်သွားမိတာ အမှန်ပါ…

ဒါပေမယ့် သူမကျွန်မကို ရှင်းပြတယ်… သူမအိမ်ရဲ့ pressure တွေကို ခံနိုင်ရည်မရှိတော့ဘူးဆိုတဲ့ အကြောင်းကိုပေါ့… သူမရှိုက်ကြီးတငင်နဲ့ကိုပြောတယ်… သမ္မတ္တဖြစ်ချင်တဲ့ သူမရဲ့အိပ်မက်တွေလည်း ဒီတစ်သက်တော့ ဖြစ်နိုင်တော့မှာ မဟုတ်ဘူးတဲ့… ကျွန်မသူ့ကို အမျိုးမျိုးဖျောင်းဖျခဲ့တယ်… ဘယ်လိုအကြောင်းပြချက်တွေကြောင့် သူမရဲ့ဆုံးဖြစ်ချက်တွေ ခိုင်မာနေရတယ်ဆိုတာ ကျွန်မလည်းနားမလည်နိုင်အောင်ပါပဲ…

သူမရဲ့လက်ကဒဏ်ရာတွေကို ကျွန်မကိုပြတယ်… လက်ဖျံမှာ ဒါးနဲ့ခြစ်ထားတဲ့ အရာတွေ မရေမတွက်နိုင်အောင်ပါပဲ… ဒါတွေအားလုံး အိမ်က pressure တွေကြောင့်ပါပဲတဲ့… သူမအိမ်က သူမကိုသိပ်ဖြစ်စေချင်တယ်ဆိုတာ ကျွန်မသိတယ်… အရွယ်နဲ့မလိုက်အောင် တာဝန်တွေများလာပြီ ထင်ပါရဲ့ရှင်…

ဒါနဲ့ပဲ နောက်ဆုံးဖျောင်းဖျလို့ မရတဲ့အဆုံးမှာ ကျွန်မသူ့ကိုသွားခွင့်ပြုလိုက်ရတယ်… သူကျွန်မဆီက ပိုက်ဆံနည်းနည်းနဲ့ လုံချည်တစ်ထည်တောင်းသွားတယ်… သီလရှင်ကျောင်းမှာ သွားနေမယ်တဲ့… ကျွန်မကိုတော့ ဆက်သွယ်ဖို့ ကျွန်မသူမဆီက ကတိတောင်းခဲ့တယ်… ဖြည်းဖြည်းချင်းသူမကို ကျွန်မဖျောင်းဖျမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့… သူမကတော့ ပြောတယ်… သူမတစ်သက်လုံး သီလရှင်ဝတ်ဖြစ်သွားမယ်ထင်ပါတယ်တဲ့… ဒီလိုဆိုရင်တော့ ကျွန်မဘာမှ ဖျောင်းဖျနေစရာမလိုတော့ဘူးပေါ့လေ...

ဒါနဲ့ပဲ သူမငိုလို့ဝသွားတော့ ကျွန်မနဲ့ ကျွန်မအမေကို နှုတ်ဆက်ပြီး ထွက်သွားတယ်… ကျွန်မကိုတော့ သူမသိပ်ကြိုက်ပြီး ငယ်ငယ်လေးထဲက ဝတ်လေ့ရှိတဲ့ လက်စွပ်လေးပေးသွားခဲ့တယ်… ဘယ်သူ့ကိုမှ ဘာအကြောင်းမှ မပြောပြဖို့လည်း ကျွန်မဆီက ကတိတောင်းတာပေါ့… ဒါနဲ့ပဲ ကျွန်မလည်း အမေ့ကိုတောင် ပြန်မပြောပြဖြစ်ခဲ့ပါဘူး…

ပြဿနာက ဒီမှာတင်မပြီးသွားခဲ့ဘူး… နောက်ထပ် ၁နာရီကျော်ကျော်လောက် ကြာတဲ့အချိန်မှာ သူမအမေတွေ ကျွန်မအိမ်ကို ရောက်လာတယ်… ကျွန်မလည်းကြောက်လိုက်တာဆိုတာ လွန်ပါရော… ကျွန်မအမေနဲ့ သူမအမေစကားတွေ ပြောကြတယ်… သူမအမေကတော့ သူမကို pressure တွေ ပေးတယ်ဆိုတာမဟုတ်ပါဘူးလို့ပဲ ငြင်းခဲ့တယ်… နောက်တော့ သူမဘယ်ဘက်ကို ထွက်သွားလဲ ဘယ်သွားမယ်ပြောလဲလို့ ကျွန်မကိုမေးတာပေါ့… သီလရှင်ကျောင်းကို သွားမယ်ဆိုတဲ့အကြောင်းကို ကျွန်မမပြောပြဖြစ်ခဲ့ဘူး… ဘာကြောင့်လည်းဆိုတော့ အဲဒီအချိန်မှာ သူမအိမ်ပေါ်ကဆင်းလာတယ်ဆိုတဲ့အကြောင်းကို ကျွန်မသိတယ်ဆိုတာကို မသိစေချင်ခဲ့လို့ပေါ့…

နောက်နေ့ကျတော့ သူမကိုပြန်တွေ့သွားတယ်လို့ ကျွန်မသူငယ်ချင်းတစ်ယောက်စီက သတင်းကြားမိတယ်… ကျွန်မရင်တွေအေးသွားရပါတယ်… ဒါပေမယ့် တစ်ရက် ကျွန်မကျုရှင်ကနေ အိမ်ကိုပြန်ရောက်တဲ့အချိန်မှာ အမေက ကျွန်မကို စာအိတ်တစ်အိတ်နဲ့ အထုတ်တစ်ထုတ်ပေးခဲ့တယ်… ဘာတွေဖြစ်နေမယ်လို့ ရှင်တို့ထင်ကြလဲ… ကျွန်မဆီက သူမယူသွားခဲ့တဲ့ ငွေနဲ့လုံချည်ပါ…

ကျွန်မတော်တော်လေး ရင်တုန်သွားခဲ့ပါတယ်… ဘာလို့လည်းဆိုတော့ ကျွန်မသူမအိမ်ပေါ်က ဆင်းတဲ့အကြောင်းကို ကျွန်မ မသိပါဘူးလို့ သူမအမေကိုရော ကျွန်မအမေကိုပါ ငြင်းထားခဲ့လို့ပါ… ဒါပေမယ့် သူမအခုလို ပစ္စည်းတွေကို ပြန်ပြီးပေခိုင်းခဲ့တော့ သူမအမေက ကျွန်မအပေါ် ဘယ်လိုသဘောထားတွေ ရှိနေမယ်ဆိုတာ ကျွန်မလေ တွေးတောင်မတွေးရဲပါဘူးရှင်… ဒါကြောင့် အဲဒီအချိန်ကစပြီး ကျွန်မသူ့ဆီ မဆက်သွယ်ခဲ့တော့ဘူး… ဖုန်းဆက်လိုက်လို့ သူမအမေနဲ့တွေ့ခဲ့ရင် ရင်မဆိုင်ရဲတာကြောင့်ပါ…

ကျွန်မလေ အချိန်တွေဘယ်လောက်ပဲ ကုန်ဆုံးသွားကုန်ဆုံးသွား ဒီအကြောင်းကို စဉ်းစားလိုက်တိုင်း စိတ်တွေလေးလာတယ်… ကျွန်မနဲ့သူမနဲ့ အခုလိုကွဲကွာသွားခဲ့တာ ကျွန်မရဲ့ညံ့ဖြင်းမှုတစ်ခုကြောင့်လား… ဒါမှမဟုတ် ပစ္စည်းတွေပြန်ပေးခိုင်းခဲ့တဲ့ သူမရဲ့အပြစ်ပဲလား… (ဘာကြောင့်လဲဆိုတော့ သူမဒီလိုမလုပ်ခဲ့ရင် အခြေအနေက တစ်မျိုးတစ်ဖုံ ဖြစ်လာနိုင်လို့ပါ)… ဒါမှမဟုတ် သူမကို အိမ်ပေါ်ကဆင်းဖြစ်အောင် တွန်းအားပေးနိုင်ခဲ့တဲ့ သူမမိဘတွေကြောင့်ပဲလား… ကျွန်မစဉ်းစားလို့ မရဘူးရှင်… သေချာတာတစ်ခုကတော့ အခုချိန်ထိ ကျွန်မကိုယ်ကျွန်မ အပြစ်ရှိသူတစ်ယောက်အနေနဲ့မြင်ယောင်ရင်း အိပ်ရာကလန့်နိုးခဲ့ရတဲ့ ညပေါင်းတွေ မနည်းတော့ပါဘူးရှင်… အခုချိန်မှာများ ကျွန်မကိုဆုတစ်ခုတောင်းခွင့်ပေးမယ်ဆိုရင် ကျွန်မတစ်ဆုပဲတောင်းမိမှာပါ… အချိန်တွေကို လွန်ခဲ့တဲ့ ၄ နှစ်ကျော်အချိန်ကို ပြန်သွားချင်လို့ပါရှင်…