CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, September 12, 2010

ခေါင်းလေးမော့ပါဦး

ဒီနေ့ဘယ်လိုဖြစ်တယ် မသိဘူး… ပို့စ်အသစ်တစ်ခုခု အရမ်းတင်ချင်နေခဲ့တယ်… တကယ်တမ်းကတော့ တစ်ယောက်ယောက်ကို စကားတွေပြောပြီး ရင်ဖွင့်ချင်နေခဲ့တာပါ… ဒါပေမယ့်လည်း အနားမှာရှိနေတဲ့သူတွေအားလုံးက ပြသနာအသီးသီးနဲ့လေ… အဲ့တော့လည်း သူတို့ကိုပဲ အားပေးစကားပြောရင်းနဲ့ ကိစ္စဝိစ္စအဝဝကို ဖြေရှင်းပေးနေမိတာ… တစ်ခါတစ်လေတော့လည်း ကိုယ့်အကြောင်းကိုယ်စဉ်းစားတာထက် သူများတွေပြသနာဖြေရှင်းပေးရင်း ကြည်နူးရတာ ပိုနေလို့ကောင်းလို့ပါ…

ကိုယ့် Blog ကိုယ်ပြန်ကြည့်လိုက်တော့ အချစ်အကြောင်းတွေ သိပ်များနေတယ်… အချစ်အကြောင်းတွေပဲ ရေးနေလို့ ဒီကောင်မလေးက တစ်ခြားဘာပြသနာမှ မရှိဘူးလို့ မထင်ပါနဲ့… ရှိပါတယ်… ဒါပေမယ့် စာနဲ့ချရေးဖို့နေနေသာသာ စဉ်းစားချင်စိတ်တောင်မရှိလို့ မရေးဖြစ်သေးတာပါ… တစ်ချိန်ချိန်တော့ အခါအခွင့်သင့်သလို ရေးဖြစ်ဦးမယ် ထင်ပါတယ်…

ကဲ… လောလောဆယ်တော့ ရေးချင်တာတွေ သိပ်များပြီး ဘာရေးရမှန်းကိုမသိလို့… သီချင်းလေး တစ်ပုဒ်အရင်တင်ပေးလိုက်ပါတယ်… လှိုင်ဦးမော်ဆိုတာပါ… အခွေကလည်း ထွက်ခဲ့တာ ကြာပါပြီ… ဒါပေမယ့် အခုမှ ပြန်နားထောင်ဖြစ်ရင်းနဲ့ ပြန်ကြိုက်လာလို့ အားလုံးကို Share လုပ်ပါတယ်… ထုံးစံအတိုင်း Mp3 လိုချင်ရင်တော့ kisspurple@gmail.com ကို request လုပ်ပေါ့နော်…

သီချင်းလေးက ချစ်ဖို့ကောင်းတယ်… တစ်ခုခုတော့ ရမှာပါ… ပုံမှန်နားထောင်နေကျ သီချင်းတွေနဲ့တော့ နည်းနည်းကွာမလားပဲ… သူက Alternative ဘက်နည်းနည်းသန်းတာကိုး…



ဘယ်လိုနေလဲသီချင်းလေး ? အားလုံးကြိုက်ကြမယ်တော့ ထင်ပါတယ်…

တစ်ချိန်ကတော့ သီချင်းတွေက ကျွန်မအတွက် အကောင်းဆုံး ကြားခံနယ် ဒါမှမဟုတ်လည်း အောင်သွယ်တော်ကောင်းတွေ ဖြစ်ဖူးခဲ့ကြတယ်ရှင့်…

Monday, September 6, 2010

မသိခြင်းများနှင့် လောကကြီး

ပို့စ်မတင်တာလည်း ကြာခဲ့ပြီဆိုတော့ စောင့်နေတဲ့သူငယ်ချင်းတွေအတွက် အသစ် တင်ပေးလိုက်ပါတယ်… ဒီနေ့ရုပ်ရှင်ကြည့်ဖြစ်ရင်းနဲ့ ဒီပို့စ်ရေးဖို့ဖြစ်လာတာပါ… ပုံမှန်အားဖြင့်ကျွန်မ မြန်မာကားတွေမကြည့်တတ်ပါဘူး… ဖန်တရာတေနေတဲ့ ချစ်ကွဲညားဇာတ်လမ်းတွေ… မရယ်ရတာကို အတင်းကလိထိုးပြီး ရယ်ခိုင်းတဲ့ ဟာသကားတွေ… ဘယ်တော့မှလည်း လွတ်လပ်ရေးမရနိုင်တဲ့ တော်လှန်ရေးကားတွေ… နောက်ဆုံးတော့ အချိန်ကုန်တယ်ကွာလို့ တစ်ခွန်းတည်းပြောပြောနေမိတတ်လို့ မြန်မာကားတွေ မကြည့်ဖြစ်တော့တာပါ…

ဒါပေမယ့် ခြွင်းချက်တော့ရှိတာပေါ့လေ… Satori Production ကထုတ်တဲ့ ဇာတ်လမ်းတွေဆို ကျွန်မကြည့်ပါတယ်… သူ့ဇာတ်လမ်းတွေက များသောအားဖြင့် နိုင်ငံခြားဇာတ်လမ်းတစ်ခုခုကို အခြေခံပြီးရိုက်တာများပါတယ်… ဒါပေမယ့် တိုက်ရိုက်ကြီး မြန်မာမှုပြုလိုက်တာ မဟုတ်တဲ့အတွက် သူတို့ရဲ့အားထုတ်မှုကို ချီးကျူးမိတာလည်းပါပါတယ်… နောက်ပြီးသူတို့သုံးတဲ့ System တွေ… Equipment တွေ… အဓိကကတော့ Sound System နဲ့ သုံးသွားတဲ့ Music လေးတွေပါ… အဲ့ဒါတွေက ပုံမှန်လုပ်နေကြ တစ်ခြားသူတွေရဲ့ Artwork တွေနဲ့ အရမ်းကွာပါတယ်… ထားပါလေ… ဆက်ပြောရင် ကျွန်မ Satori အတွက် Marketing ဆင်းပေးနေတယ် ထင်ကြဦးမယ်…

ဒီနေ့ကြည့်ဖြစ်တဲ့ ဇာတ်လမ်းနာမည်က “သူ” တဲ့… အရူးတစ်ယောက်အကြောင်းပါ… သူ့ကိုသူ Superman လို့ထင်နေတဲ့ အရူးတစ်ယောက်ပေါ့… တစ်ခြားစိတ်မမှန်တဲ့ Character တွေနဲ့ သူ့ကိုခွဲခြားပစ်လိုက်တာက သူ့မှာ Environmentalist တစ်ယောက်ရဲ့ အသိလိုရှိနေတာ… ကျွန်မကလည်း အခုတလော Sustainable Tourism အကြောင်းလေ့လာရင်းနဲ့ Environment Saving ဘက်ကို ပိုပြီးအားသန်နေမိတာဆိုတော့ ဒီဇာတ်လမ်းနဲ့ပါတ်သတ်ပြီး သူများတွေရတာထက် ကျွန်မက ရသတစ်ခုပိုရမလားပဲ…



အဲ့ဒီ Superman က သူကမ္ဘာကြီးနဲ့ လူသားတွေကို တတ်နိုင်သလောက်ကူညီတယ်ပေါ့လေ… လူသားတွေကို Environmental Issue တွေ ပြောပြတယ်… ကမ္ဘာကြီးကို ကယ်တင်ဖို့ စီးရုံးတယ်… သူက အမြဲတမ်း အကူအညီလိုတဲ့သူတွေ့ရင် ကူညီဖို့အဆင်သင့်ဖြစ်နေတတ်တာမျိုးပေါ့… ဒါပေမယ့် တစ်ရက်တော့ အကြောင်းအမျိုးမျိုးကြောင့် သူရဲဖမ်းခံရတယ်… အဲ့ဒီအချိန်မှာ အချုပ်ကပြန်လွတ်ဖို့အတွက် သူ့မှာစိတ်ရောဂါရှိပါတယ်ဆိုတာ ထောက်ခံချက်ပြရတော့တာပေါ့… ဒီလိုနဲ့ သူအချုပ်ကလွတ်လာတော့ စိတ်ရောဂါကုဆေးရုံကို ပြန်ရောက်သွားတယ်… နောက်တော့ သူ့ရဲ့ Superman အဆွဲ ကျွတ်သွားတယ်ဆိုပါတော့… သူ့ရဲ့ ကျန်ရှိတဲ့ဘဝကို ဘယ်လိုဆက်ပြီး ဖြတ်သန်းသွားမယ်ထင်ကြလဲ… (သိချင် ဝယ်ဖတ် တစ်ကျပ် တစ်ကျပ်ပါ :P)

အဲ့ဒီအကြောင်းကို တစ်ခါတုန်းက မေမေနဲ့ စကားပြောခဲ့ကြဖူးတယ်… ကျွန်မတို့ အိမ်နားမှာ စိတ်မမှန်တဲ့ ဦးလေးကြီးတစ်ယောက်ရှိပါတယ်… သူက တကယ်တော့ ဆရာဝန်ပါ… အကြောင်းကြောင်းကြောင့် စိတ်ဖောက်ပြားသွားခဲ့ရတာပါ… ဆရာဝန်ဆိုတည်းက သူ့ရဲ့လူနေမှုအဆင့်အတန်းလည်း မနိမ့်လှပါဘူး… ဒါပေမယ့် ဒါတွေက သူ့အတွက် အရေးမှမကြီးတော့ဘဲ… သူ့မှာ အမြဲဝတ်တတ်တဲ့
အင်္ကျီတစ်ထည် နဲ့ ပုဆိုးတစ်ထည်ပဲ ရှိပါတယ်… ဖိနပ်မပါဘဲလျှောက်သွားတတ်တယ်… ဆေးပေါ့လိပ်ကို ပါးစပ်မှာခဲလို့ပေါ့… သူလိုပဲ စိတ်ဝေဒနာသည်တွေနဲ့ စကားလက်ဆုံကြနေတတ်တယ်… စိတ်ပါရင် သူလူတွေကို ကူညီမယ်… ပုဆိုးစွန်တောင်ဆွဲပြီးသွားတတ်တဲ့သူ့ကို တစ်ချို့ကလည်း စုတ်တသပ်သပ်… တစ်ချို့ကလည်း နှာခေါင်းတရှုံ့ရှုံ့ပေါ့…

ကျွန်မအမေကတော့ ဆိုလာတယ်… အဲ့ဒီသူကိုမြင်ရတာ သနားလွန်းလို့ ဆေးကုပေးချင်တယ်တဲ့… အမေက တကယ်ကို လေးလေးနက်နက်ပြောလာလို့ ကျွန်မလည်း စဉ်းစားမိတာပါ… မဖြစ်နိုင်ဘူးလို့… ဒီကိစ္စက သူတို့အိမ်ကအိမ်သားတွေ သဘောတူဦးမှ ဖြစ်တဲ့ကိစ္စကိုး… နောက်တစ်ခုက သူတို့တွေလည်း ချမ်းသာကြပါတယ်… ကုမယ့်ဆို ဘာမှစဉ်းစားစရာမလိုဘဲ ကုပေးနိုင်ကြတဲ့သူတွေပါ… အဲ့တော့ ဘာမှမဆိုင်တဲ့ သူတစ်ယောက်က ဆေးကုပေးမယ်ဆိုတာကို လက်ခံနိုင်ကြလိမ့်မယ်လို့ ကျွန်မတော့ မထင်ဘူး…

နောက်တစ်ခုက အခုချိန်မှာ သူကစိတ်မမှန်လို့သာ သူ့ဘဝကြီးမှာ နေပျော်နေတာ… သူသာ နေပြန်ကောင်းသွားခဲ့ရင်………..?
တစ်ခါတုန်းက လုပ်ခဲ့ဖူးတဲ့ ဆရာဝန်အလုပ်ကိုလည်း ပြန်လုပ်လို့မရတော့မှာ အမှန်ပဲ… ဘယ်သူက ယုံကြည်စွာလာကုမလဲ? သူ့မှာ လိုအပ်ချက်တွေ များလာမယ်… ရှေ့ဆက် ဘယ်လိုဆက်ခန်းသွားရမယ်ဆိုတာ သူတွေးလာမယ်… မဖြစ်နိုင်တာတွေ များလာတဲ့အချိန်မှာ သူစိတ်ဓါတ်ကျလာမယ်… ဒါမှမဟုတ် သူဟာ သူ့အတွက်ရော သူ့ဘေးကသူတွေအတွက်ပါ လူပိုတစ်ယောက်ဖြစ်လာတယ်လို့ ခံစားလာရမယ်… သူအရင်လို ပျော်ဦးမှာလား? သူအရင်လို လောကကြီးမှာ နေချင်ဦးမှာလား?

အဲဒါကြောင့်… စဉ်းစားမိပါတယ်… တစ်ခါတစ်ရံမှာ တစ်ချို့အရာတွေဟာ ပြုပြင်ပြောင်းလဲမှုလိုအပ်သလို တစ်ချို့အရာတွေကြတော့လည်း ဒီအတိုင်းလေးထားလိုက်ရင် ပိုပြီးအံဝင်ခွင်ကြဖြစ်နေမလားပဲ…

ကျွန်မက လူတွေရဲ့ တန်ဖိုးကို သူဘယ်လောက်ချမ်းသာတယ်… သူဘယ်လောက် အောင်မြင်တယ်… ဒါမှမဟုတ် သူဘယ်လောက် ပညာတတ်တယ်… အဲ့ဒီအပေါ်မှာ မတိုင်းတာပါဘူး… ကိုယ်မသေခင်အချိန်လေးမှာ တတ်အားသလောက် ကိုယ့်ပါတ်ဝန်းကျင်အပေါ်မှာ ဘယ်လောက်ထိ လူသားဆန်စွာ အကျိုးပြုသွားနိုင်တယ်ဆိုတာတွေကိုပဲ ကြည့်ပါတယ်…

ဒါကြောင့်ပဲကြည့်လေ… ဟို Superman ဆိုတဲ့သူတို့… ကျွန်မအိမ်နားက ဦးလေးကြီးတို့… သူတို့ဘာကိုမှာ မသိကြဘူးထားဦး… ပညာတွေတတ်ရက်နဲ့၊ ပိုက်ဆံတွေရှိရက်နဲ့ လူသားဆန်တဲ့အသိမရှိကြတဲ့ သူတစ်ချို့ထက်စာရင် သူတို့တွေပိုပြီး တန်ဖိုးထားခံရတယ်… နေလို့လည်း ပျော်တယ်… သေလို့လည်း ပျော်ပါတယ်…

အင်း… တစ်ခါတစ်လေတော့လည်း… တစ်ချို့ မသိခြင်းတွေက လောကကြီးကို ပိုမိုလှပစေသလားပဲနော်… ရှင်တို့ရော ဘယ်လိုထင်ကြလဲ?