CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Saturday, July 24, 2010

မင်္ဂလာနံနက်ခင်းပါရှင် :)

ဘလော့ဂ်လေးကို ပြန်ပြီး update လုပ်ဖို့ ကြိုးစားနေတာ တော်တော်ကြာပါပြီ… ရေးချင်တာတွေများပြီး ဘာရေးရမှန်းကို မသိတော့တာနဲ့ ဘာမှကို မတင်ဖြစ်ခဲ့တာပါ… ကစ်တီတစ်ယောက် ဆီပုံးမှာလာအော်သွားမှပဲ သြော်… ငါ့ဘလော့ဂ်လေး ဖုန်တော်တော်တက်နေပါပေါ့လားလို့ စဉ်းစားမိတော့တယ်…


အခုတလော ဘာမှကိုလုပ်ချင်စိတ်မရှိဘူးကွယ်… ပြသနာတွေကလည်း စင်ကာပူက culture လို Q စီနေသလားမှတ်ရတယ်… တစ်ခုပြီးတစ်ခုပါပဲ… တစ်ရက်လောက် အိမ်နဲ့၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြတ်သွားလိုက်တာနဲ့ သတင်းတစ်ခုတော့ လွတ်သွားပြီလို့သာ မှတ်ရတဲ့ အခြေအနေကိုဖြစ်လို့… လောကကြီးရယ်… တစ်ခါတစ်လေတော့လည်း ငါ့ကိုအနားပေးသင့်ပါတယ်…


စာမေးပွဲတွေလည်းနီးလာပြီ… တစ်ပါတ်ပဲအချိန်ရတော့တယ်ဆိုတာကို မေ့ချင်သလိုလို… ဖြေနိုင်မယ်လို့တော့ ထင်ထားတာပဲလေ… ကျတော့လည်း ကျလို့ပေါ့… နော့… စာမေးပွဲပြီးလို့ ခရီးသွားရမှာကိုပဲ စိတ်ကရောက်ရောက်နေတယ်… ခရီးထွက်ပြီးရင်တော့ လူကနေလို့ကောင်းလာမယ်ထင်တာပဲ… Bank Account ကတော့ လှမ်းပြီးမျက်စောင်းထိုးနေလေရဲ့… မသိချင်ယောင်ဆောင်ထားလိုက်တယ်… မှတ်ကရောပဲ :P


စင်ကာပူရောက်တည်းက ခရီးထွက်ဖို့ကြိုးစားနေတာ… လက်ထဲကို လေယာဉ်လက်မှတ်ဝယ်ဖို့ ပိုက်ဆံရောက်လာတိုင်း၊ ကျောင်းကပိတ်ရက်တွေရတိုင်း တစ်ခြားနေရာသွားဖို့ထပ် ရန်ကုန်ပြန်ဖို့ကိုသာ လုံးပန်းလိုက်တာ… သွားမယ်ဆိုတဲ့ ရှန်ဟိုင်းလည်း ဒီတစ်သက်တော့ မရောက်ဖြစ်သေးဘူး… ရန်ကုန်ကိုသာ နှစ်နှစ်အတွင်းမှာ ၅ ခါပြန်ပလိုက်တယ်… မှတ်ကရောပဲ…


အခုတော့ ပိတ်ရက်ရတဲ့ ၃ပါတ်အတွင်းမှာ အင်ဒိုနဲ့ ချင်းမိုင်းကိုသွားဖြစ်အောင်သွားတော့မယ်… ဘယ်သူနဲ့လဲ ဟုတ်လား… ဟဲဟဲ… ဘယ်ပြောလိမ့်မလဲ… နောက်တာပါဂျာ… အင်ဒိုကို ကျောင်းက သူငယ်ချင်းတစ်စုနဲ့ပါ… ဟိုမှာလည်း စင်ကာပူကပြန်သွားတဲ့ သူငယ်ချင်းတွေရှိတာနဲ့ သွားလည်ကြမှာပါ… မရောက်ဘူးတာလည်းပါတာပေါ့… ချင်းမိုင်ကတော့ ချစ်လှစွာတော့ ဂွိုင်မနဲ့ပါ… စီးပွားရေးကိစ္စလေးတွေကြောင့်… အဟတ်… (ဒါကလူရှိန်အောင်ပြောတာ)… မလောပါနဲ့လေ… နောက်တော့ သိရမှာပေါ့…


ဟင်…


နာရီလက်တံလေးတွေက တည့်တည့်လေး ထက်ခြမ်းခွဲနေရဲ့… ၆း၃၀ တဲ့… သြော်… ဟုတ်ကဲ့… မနက်ခင်းပါ… အခုတလော ဘာဖြစ်တယ်မသိပါဘူး… ညညဆိုအိပ်လို့မရဘူး… မနက်ဆိုရင်တော့ ထုံးစံအတိုင်းထလို့မရဘူးပေါ့… အခြေအနေကဆိုးဆိုးလာတယ်… ဒီထက်ဆိုးလာရင်တော့ ဆေးခန်းပြဖို့ သူငယ်ချင်းတစ်ယောက်ကလည်း လှုံ့ဆော်နေပြီ… “မပူပါနဲ့လေ… အသက်နဲ့အဝေးကြီးပါ…” ဒီလိုပဲ သူတို့ကို ပြန်အားပေးလိုက်တယ်… :P


အစတုန်းကတော့ ဒီပို့စ်ကို အတည်အတံ့ရေးမလို့ပဲ… ရေးရင်းနဲ့ stress တွေကို ဖောက်ထုတ်လိုက်တာ ပေါက်ကရတွေဖြစ်သွားတယ် ချစ်တို့ရေ… သည်းခံကြပါ… ဝင်ဖတ်သူများလည်း Comment ရေးရင် ရုပ်ပိုချောပါစေလို့ ဆုတောင်းပေးမယ်သိလား… ခုတော့ အိပ်ဖို့ကြိုးစားလိုက်ဦးမယ်ကွယ်… နက်ဖြန်အတွက်… အဲလေ… ဒီနေ့အတွက် အားမွေးဖို့ပေါ့… အားလုံးပဲ… ဒီပို့စ်ကို မနက်ပိုင်းမှာဖတ်ဖြစ်ရင် ကောင်းသောမနက်ခင်းပါရှင်… ပျော်ရွှင်တဲ့နေ့လေးတစ်နေ့ဖြစ်ပါစေ…





ချစ်သော

EMS

24.07.2010

6:35 AM

Thursday, February 4, 2010

ချစ်သူက မသိပါဘူး

ချစ်သူက မသိပါဘူး… ရင်မောနေရတာတွေကို…
ချစ်သူက မသိပါဘူး… ရင်ကွဲအောင် လွမ်းနေတာတွေကို…
ချစ်သူက မသိပါဘူး… စကားတစ်ခွန်းကြောင့် ဖုန်းတောင် မဆက်ရဲခဲ့တာကို…
ချစ်သူက မသိပါဘူး… မျိုသိပ်နေရတာတွေကို…
ချစ်သူက မသိပါဘူး… မှီတွယ်အားကိုးလို့ရမယ်ထင်ခဲ့ပေမယ့် လိုအပ်တဲ့အချိန်တွေမှာ သူမရှိနိုင်ခဲ့တာကို…
ချစ်သူက မသိပါဘူး… နှလုံးသားရဲ့ဆန္ဒတွေမှာ သူမပါရင်မပြီးတာကို…
ချစ်သူက မသိပါဘူး… စိုးရိမ်ပူပန်ပြီး ကြိုကြိုတင်တင် ငိုနေရတဲ့အဖြစ်ကို…
ချစ်သူက မသိပါဘူး… မိုင်တွေကွာဝေးလှတဲ့ တစ်နေရာကသူတစ်ယောက်ရဲ့စိတ်ကို အချိန်ပြည့် စိုးမိုးထားနိုင်တာကို…
ချစ်သူက မသိပါဘူး… ကိုယ့်အချစ်နဲ့ထပ်တူ သူ့ဆီက မျှော်လင့်မိတာကို…
ချစ်သူက မသိပါဘူး… မက်ခဲ့တဲ့အိပ်မက်တွေနဲ့ မက်နေဆဲအိပ်မက်များကို…
ချစ်သူက မသိပါဘူး… သူ့စိတ်ကို ကိုယ်အသိဆုံးပဲဆိုတာကို…
ချစ်သူက မသိပါဘူး… ကျတဲ့မျက်ရည်တိုင်းရဲ့ အဓိပ္ပါယ်နဲ့ အတိမ်အနက်ကို…
ချစ်သူက မသိပါဘူး… တင်းကျပ်စွာဖက်လိုက်တိုင်း ဒါဟာနောက်ဆုံးမဟုတ်ပါဘူးလို့ အားတင်းနေမိတဲ့ ကိုယ့်အဖြစ်ကို…
ချစ်သူက မသိပါဘူး… သူနဲ့ဝေးတိုင်း ကိုယ်လမ်းတွေ ပျောက်ပျောက်သွားတတ်တာကို…
ချစ်သူက မသိပါဘူး… လျစ်လျူရှုခံနေရတဲ့ ကိုယ့်နှလုံးသားကို…
ချစ်သူက မသိပါဘူး… တစ်ခါတစ်လေ ကိုယ်အပြစ်တင်ရမှာတောင် သိပ်ပင်ပန်းလာတတ်တာကို…
ချစ်သူက မသိပါဘူး… သူကိုယ့်အတွက် ဘယ်လောက်ထိ တန်ဖိုးရှိတယ်ဆိုတာကို…
ချစ်သူက မသိပါဘူး… အဲ့ဒီဘာမှမသိတဲ့ချစ်သူကို အကြိမ်ကြိမ်စိတ်ထဲက ခွင့်လွှတ်နေတတ်တာကို…
………………………..
………………………………..
………………………………………
အင်း…
သူ့ကိုသိပ်ချစ်တယ်ဆိုတာ တစ်ခုတော့ ချစ်သူသိကောင်းပါရဲ့နော်?
4th Feb 2010
5:37 AM

Thursday, January 14, 2010

အလွမ်းကြယ်


အပြုံးမျက်နှာတွေကို လျစ်လျူရှု
နောက်လှည့်လို့ တိုးတိတ်ကြိတ်ကာ မျက်ရည်ကျရတယ်

ထပ်တူမကျဘူး
မငြင်းပါနဲ့တော့
ငါ့ကိုငါလိမ်လို့ရဦးမယ့်အချိန်လည်း ကုန်ဆုံးလုပြီ

အပြစ်တင်ချင်တာ၊
ကြောက်တာ၊
ခံပြင်းတာ၊
ခွင့်မလွှတ်နိုင်တာ၊
ဒေါသထွက်တာ၊
စူးနင့်အောင် ဝမ်းနည်းတာ…
ဒါတွေအားလုံးပေါင်းပြီး တစ်ခွန်းပဲပြောဖြစ်ခဲ့တယ်
“အရမ်းချစ်တယ်”
ငါ့ရဲ့ခံစားချက်တွေ
ပါးပြင်ပေါ်က လိမ့်ဆင်းသွားကြပြန်တယ်

မနက်ဖြန်တွေကမသေချာဘူး
ငါသိတယ်
ပစ္စုပ္ပန်မှာ မပျော်ဘူး
အတိတ်ကိုပြန်ကြည့်တော့
သမိုင်းမကောင်းခဲ့ဘူး…
ပြီးပြည့်စုံတဲ့ အာမခံချက်မရှိဘူးပေါ့…

ဒါဟာတစ်ရက်စာအလွမ်းမဟုတ်ဘူး
တစ်သက်တာလို့ခံစားရတဲ့ အထီးကျန်ခြင်းပါ

နင်းလျှောက်ကာတက်သွားလို့ ချောမွေ့စေဖို့
အဲ့လှေခါးအောက်မှာ ငါ့နှလုံးသားလေ…
ကျေးဇူးတင်ဖို့မလိုဘူး
တစ်ချိန်မှာအမှတ်ရဖို့ပါ

ဘာပဲဖြစ်ဖြစ်
ကမ္ဘာကြီးကလုံးပါတယ်
ကျောခိုင်းလို့ထွက်သွားလည်း
တည့်တည့်ဆက်လျှောက်နော်
တစ်ချိန်ပြန်ဆုံစို့…။

EMS
၁၃.၁.၂၀၁၀
၁၂း၅၅

Monday, December 28, 2009

ခါးသီးသော အသံတိတ်များ


လေနုညင်းတစ်ချို့က ကန်ရေပြင်ကို စိတ်လွတ်လက်လွတ်ငေးမောနေတဲ့ သူမရဲ့ပါးပြင်ကို ခပ်ဖွဖွနမ်းရှိုက်သွားတယ်… မျက်ရည်တွေကို ခြောက်သွေ့စေပြီလား…
ဟင့်အင်း…
အဝေးဆီက မိုးကုပ်စက်ဝိုင်းနဲ့ ထိလုနီးပါး နေလုံးကို မြင်နေရတယ်… အိမ်ပြန်ချိန်ရောက်ပြီလား…
ဟင့်အင်း… မပြန်ချင်သေးဘူး…
ဘယ်အချိန်ထဲကရောက်နေခဲ့တယ်ဆိုတာ သူစဉ်းစားလို့မရဘူး…ဘယ်သူမှမရှိလောက်ဘူးလို့ ယုံကြည်တဲ့နေရာတစ်ခုမှ ခံစားချက်တွေ ဖွင့်ဟဖို့စဉ်းစားထားခဲ့ပေမယ့် အခုချိန်ထိ လေးပင်နေဆဲဆိုတာ သူ့ကိုသူသိတယ်… ဒါကြောင့်လည်း လူတွေထင်ထားတာထက် သူအထိနာခဲ့ရတာပေါ့…
တစ်ခါတစ်လေ ခင်တွယ်စရာရယ်လို့မရှိ၊ ငဲ့ကွက်စရာရယ်လို့မရှိတဲ့ (သူတို့အခေါ်) တစ်ကောင်ကြွက်တွေရဲ့ဘဝကို အားကျမိတယ်… ဒီဘဝကိုရခဲ့ရင် သူအားလုံးကို တစ်ကပြန်စမိမလားပဲ…
ဘဝမှာတစ်ခါတစ်လေတော့လည်း အဖြစ်အပျက်တွေက ကိုယ်မသိလိုက်ခင်မှာပဲ ရှေ့ကသွားနှင့်တယ်… အံ့သြဖို့အချိန်မရလိုက်သလောက်ပါပဲ… နောက်လှည့်လို့လည်း မရဘူး… ရှေ့ဆက်တိုးဖို့ဆိုတာလည်း အဆင်သင့်မဖြစ်သေးဘူး… ဒါပေမယ့် တွန်းအားတွေနဲ့ပဲ အားတင်းပြီး အံကြိတ်ခဲ့တယ်…
စိတ်ဖြေဆေးဆိုတာ ရှာမတွေ့ဘူး… တွေ့ပြန်တော့လည်း အယောင်ဆောင်… ဒါဟာ ခံယူသူပေါ်မှာလည်း မူတည်မယ်… ဒါကိုသူသိတယ်… ဒါပေမယ့် စိတ်ဖြေဆေးစစ်စစ်မဖြစ်ခဲ့တာက အမှန်…
ရေနစ်တဲ့သူအတွက် ကောက်ရိုးမျှင်တစ်ချောင်းကလည်း မျှော်လင့်ချက်ပဲတဲ့… ဟင့်အင်း… ဒါဟာအချိန်တိုင်းမမှန်နိုင်ပါဘူး… သူ့အတွက်တော့ ဒီကောက်ရိုးမျှင်က မကယ်နိုင်ဘူးဆိုတာသိနေပြီပဲ… ဘယ်အတွက်ကြောင့် ဒါကိုပဲဖက်တွယ်ပြီး မျှော်လင့်ရမလဲ…
ဟောဟိုမှာ… ရှေ့တည့်တည့်လျှောက်သွားရင်း ခရီးဆုံးခဲ့ရင် ကိုယ့်အတွက်တစ်နေရာတော့ ရှိမှာပဲဆိုတဲ့လမ်းကြီး… ဘာမှန်းမသိဘဲနဲ့ ဆက်လျှောက်ရမလား… ဒါမှမဟုတ်…
ဟိုး… က… မိုးကုတ်စက်ဝိုင်း… သူ့စိတ်ဝိဥာန်ရဲ့စေစားမှုအတိုင်း ဘယ်ရောက်ရောက်ဆိုပြီး လှမ်းလျှောက်နေတာ ပိုပြီးအဓိပ္ပါယ်ရှိစေမလား…
သူ့မှာရေဘူးမပါဘူး…
ခြေဗလာနဲ့…
ဒဏ်ရာဘရပွနဲ့ ရင်ဘတ်တစ်ခုပါမယ်…
နှလုံးသားထဲကပျိုးခင်းလေး သူ့အတွက်ငိုတတ်တဲ့တစ်နေ့ စောနက လေနုညင်းကို ကျေးဇူးတင်ကြောင်းပြန်လာပြောမယ်…


Friday, December 11, 2009

ငါဟာသေဆုံးခဲ့ပြီ

ငါဟာသေဆုံးခဲ့ပြီ
ရောက်ခဲ့ဖူးတဲ့နေရာနဲ့
မရောက်ဘူးသေးတဲ့နေရာကြား
ဘာကွားခြားမှုတွေရှိမှာလဲ

ငါဟာသေဆုံးခဲ့ပြီ
ငါကြားဖူးတဲ့အသံတွေမကြားရတော့ပေမယ့်
ငါမကြားဘူးခဲ့တဲ့အသံတွေကြားနေရတာက
ငါ့အတွက်တော့ စိတ်သက်သာရာရမှု တစ်ခုပါပဲ

ငါဟာသေဆုံးခဲ့ပြီ
အမှောင်မဟုတ်ပေမယ့်
အလင်းမဲ့တဲ့နေ့ရက်တွေမှာ ဘယ်လောက်ထိရှင်သန်နေရဦးမှာလဲလို့
ငါဟာအချိန်ပြည့် စဉ်းစားနေမိတယ်

ငါဟာသေဆုံးခဲ့ပြီ
မသေဆုံးခဲ့ချင်ပေမယ့်
နောက်တစ်ဖန်သေဆုံးဖို့ကိုပဲ
ငါမျှော်လင့်နေမိသေးတယ်

ငါဟာသေဆုံးခဲ့ပြီ
ငါ့ကိုဘယ်သူမှလွမ်းမနေဘူးဆိုတာသိရလို့လဲ
ထူးပြီးဝမ်းနည်းမနေတော့ဘူး
ကြိုတင်ပြင်ဆင်ခဲ့မိတဲ့အတွက် ငါ့ကိုငါကျေးဇူးတင်တယ်

ငါဟာသေဆုံးခဲ့ပြီ
တစ်ဖန်ပြန်လည်ရှင်သန်ခြင်းရဲ့ အဆုံးသတ်ဟာလည်း
သေဆုံးခြင်းပဲဖြစ်တော့မှာမို့
လက်ရှိအခြေအနေနဲ့ ငါကျေနပ်လိုက်ပြီ



Sunday, December 6, 2009

အသံမဲ့ငိုကြွေးခြင်း

ဘလော့ဂ်လေးရယ်...

ငါအခုတလော ဘယ်သူနဲ့မှ အဆင်မပြေဘူးသိလား...

ငါပဲမှားနေလား သူတို့ပဲ မှားနေလား...

ငါဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပါဘူး...

ငါပဲမှားနေတာဖြစ်မှာ...

ဒါပေမယ့် ဘယ်သူ့ကိုမှ ပြောလို့မရတဲ့စိတ်ဒုက္ခတွေ အများကြီး...

တစ်ခါတစ်လေ ငါဘာဖြစ်နေတယ်ဆိုတာကို မပြောဘဲနဲ့ နားလည်စေချင်တယ်...

ငါတောင်းဆိုတာ သိပ်များသွားလား...


ငါလုပ်ပေးလိုက်တဲ့ ကိစ္စတစ်ခုအတွက် ငါပြန်လိုချင်တာ အသိမှတ်ပြုမှုတစ်ခုပေါ့...

ငါ့ကိုကျေးဇူးတင်ဖို့မလိုဘူး... အသိအမှတ်လေးပြုပေးရင် ကျေနပ်တယ်...

ဒါပေမယ့် ငါဘာတွေကို စဉ်းစားပြီး ဘာလုပ်ပေးနေတယ်ဆိုတာကို၊ ဘယ်လောက်ကြိုးစားအားထုတ်မှုပါတယ်ဆိုတာ ဘယ်သူမှမသိကြဘူး...

သူတို့လဲ ဆဌမအာရုဏ်ရနေတဲ့သူတွေ မဟုတ်တော့ ငါ့ကို အကြွင်းမဲ့နားမလည်နိုင်ဘူးဆိုတာ ငါလက်ခံပါတယ်...


ဒါပေမယ့်ကွယ်...

အကြောင်းကြောင်းကြောင့် လူတွေရဲ့ ဂရုစိုက်မှု၊ အသိအမှတ်ပြုမှုကို ငါ့အတွက်သေလောက်အောင် အရေးကြီးနေတဲ့အချိန်တွေ ရှိတယ်...

ရှေ့ဆက်ပြီးအသက်ရှင်ဖို့အတွက် တစ်ယောက်မဟုတ်တစ်ယောက်ကတော့ ငါ့ကိုလိုအပ်တယ်ဆိုတဲ့ အသိတစ်ခုကို ငါအသည်းအမဲ လိုက်ရှာနေခဲ့ရတယ်...

အဲ့လိုအချိန်မျိုးမှာ ဘယ်သူ့ဆီကမဆို ရခဲ့တဲ့ လျစ်လျူရှုမှုတေ၊ွ ဂရုမပြုမှုတွေက ငါ့ကို တော်တော်တန်တန်ကို နှိပ်စက်နိုင်တယ်...

ကိစ္စသေးသေးလေးတွေအတွက် စိတ်ခုရလောက်အောင် ငါသဘောထားမသေးသိမ်ပါဘူး ဘလော့ဂ်လေးရယ်...

အကျိုးတစ်ခုဖြစ်လာဖို့ အကြောင်းခံတွေ နောက်မှာအများကြီးရှိနေတာ :(

အဲဒါတွေကို ဘယ်သူမှ သတိမထားမိတဲ့အတွက်၊ မစဉ်းစားမိတဲ့အတွက်၊ နားမလည်နိုင်တဲ့အတွက် ဘယ်သူ့ကိုမှလည်း အပြစ်မတင်ချင်တော့ပါဘူးကွယ်...

ကိုယ်ပဲသိတဲ့ကိုယ့်ရဲ့ဒုက္ခတွေကို ကိုယ်တိုင်ပဲခံစားနေလိုက်ပါတော့မယ်...

ရှေ့ဆက်ဖို့လည်း ကိုယ့်ကိုယ်ကိုပဲ အားတင်းလိုက်မယ်...

မျိုသိပ်မှုတွေ၊ ခံစားချက်တွေ၊ ဒုက္ခတွေက နောက်ကွယ်ကဖန်တီးလိုက်တဲ့ တုံ့ပြန်မှုတွေကို ကလေးဆန်မှုမဟုတ်ဘူးဆိုတာကို မပြောဘဲကြားနိုင်မယ့်နားတွေ၊ မပြဘဲမြင်နိုင်တဲ့ မျက်လုံးတွေရှိကြရင် သိနိုင်ကြမှာပါလေ...

ဆုတောင်းမိပါတယ်ကွယ်...




Saturday, September 5, 2009

ကျွန်မရဲ့လမ်း


မနက်ဖြန်စာမေးပွဲ... အဲ... အခု 3:59 Am တဲ့... အဲဒီတော့ ခဏနေရင် ကျွန်မစာမေးပွဲ သွားဖြေရတော့မှာပေါ့လေ... ကျွန်မသတိထားမိတယ်... စာမေးပွဲဖြေခါနီးတိုင်း စိတ်အနှောက်အယှက်ဖြစ်စရာ တစ်ခုမဟုတ်တစ်ခုတော့ ကြုံတွေ့နေရသလိုပဲ... စိတ်ထင်လို့ပဲ ဖြစ်မှာပါလေ...

ဒီနေ့အမေနဲ့ ဖုန်းပြောဖြစ်တယ်... စိတ်ထဲတော့မကောင်းဘူး... ကြားရတာတွေကို... ကျွန်မ အမေစိတ်ချမ်းသာရအောင် တတ်နိုင်သလောက် ကြိုးစားနေတဲ့သူပါ... ဒါပေမယ့်လည်း ကျွန်မကြောင့်မဟုတ်တဲ့ ကျွန်မလည်း ဘာမှမလုပ်ပေးနိုင်တဲ့ ကိစ္စတွေကြောင့် အမေစိတ်ဆင်းရဲနေရတော့လည်း ကျွန်မဝမ်းနည်းရုံကလွဲပြီး ဘာမှ မတတ်နိုင်ပြန်ဘူး...
ဆေးလိပ် ၂ လိပ်လောက်သောက်လိုက်ပြီး စာကျက်ဖြစ်အောင် ကျွန်မကြိုးစားရပြန်တယ်... ဘယ်လိုမှ အင်အားတွေ မရှိတော့ပေမယ့် အမေ့ရဲ့မျက်ရည်တွေက ကျွန်မအတွက်တော့ အကောင်းဆုံးတွန်းအားတွေ ဖြစ်နေဆဲပေါ့...

ကျွန်မမှာ ကျွန်မရဲ့အသက် ၁၉ နှစ်နဲ့ မလိုက်တဲ့ ဒဏ်ရာတွေရှိတယ်... အတွေ့အကြုံတွေကို ခံစားခဲ့ရဖူးတယ်... အမြဲတမ်းပြုံးပြီး ပျော်စရာတွေပြောနေတာကိုသာ မြင်ဖူးကြားဖူးကြတဲ့ သူတွေအတွက် ဘယ်တုန်းကမှ မစဉ်းစားမိဘူးတဲ့ မျက်ရည်တွေ ကျွန်မရဲ့ရင်ဘတ်တစ်နေရာမှာ ရှိတယ်... ကျွန်မအားနည်းလာတဲ့အချိန်တိုင်း အဲဒီဒဏ်ရာတစ်ခုကို ထုတ်ထုတ်ကြည့်တယ်... ချုပ်လို့ဘယ်တုန်းကမှလည်း မရခဲ့တဲ့အနာပေါ့... ပြန်မရနိုင်တဲ့ ဆုံးရှုံးမှုတွေ အများကြီးပါ... ဘာနဲ့မှ အစားထိုးလို့မရနိုင်ပေမယ့် ဖုံးအုပ်ဖို့ မျက်နှာဖုံးတစ်ခုပေးလိုက်ရင် ကျွန်မဘဝကြီးကို ကျေနပ်နေမှာပါ...

အခုတော့ လမ်းမှားတဲ့သူကလည်း မှားဆဲ... ကျွန်မကလည်း ဘယ်အချိန်ရပ်တန့်ခံရမယ် မသိတဲ့ လမ်းသစ်တစ်ခုကို ဖောက်ဆဲ လျှောက်မြဲပဲပေါ့လေ... ကျွန်မရဲ့လမ်းကလေး အနှောက်အယှက်မရှိ ပြီးဆုံးသွားခဲ့ရင် ကျွန်မနဲ့ထပ်တူ ဝမ်းသာနိုင်မယ့်သူတွေ ရှိကြမယ်... ဘယ်လိုမှ မတားနိုင်ခဲ့လို့ ကြိတ်မနိုင် ခဲမရသူတွေလည်း ရှိကြမယ်... ဒါပေမယ့် ကျွန်မအမေရဲ့ ပျော်ရွှင်နေမယ့် မျက်နှာလေးကို မြင်ယောင်ရင်း ကျွန်မရှေ့ဆက်သွားမယ်...