Tuesday, July 27, 2010
ကစားပွဲ
စည်းကမ်းတွေ
မရှိခဲ့ဘူး
တားမြစ်ချက်တွေလည်း
မရှိခဲ့ပါဘူး
တံခါးမရှိသလို
ချည်နှောင်ထားခြင်းလည်းကင်းမဲ့ခဲ့…
ငယ်သူမို့မသိပါတဲ့လား
ငယ်သူမို့ပဲ မသိချင်ယောင်ဆောင်ပေးခဲ့ရတာပါ
တစ်ရံတစ်ခါတော့
ငယ်သူ့အချစ်ကို လေးစားစေချင်သေးလား…
လေးစားစေချင်သေးရဲ့…
ဦးနှောက်ရဲ့ချိန်ဆမှုထက်
နှလုံးသားရဲ့ဆန္ဒက
အလေးပိုသာသွားတဲ့အခါ
ဆုံးဖြတ်မှား တစ်ကြိမ်လောက်တော့ ချခွင့်ပေးပါ…
နောင်ပြန်မရနိုင်မယ့်
ခဏလေးတွေအတွက်
ပေးဆပ်လိုက်ရတဲ့တန်ဖိုးကို
ဒြပ်ရှိတွေနဲ့တော့ မတိုင်းတာနဲ့ပေါ့
အချစ်မှာအချစ်ပဲရှိတယ်လို့
မိုက်ရူးရဲဆန်စွာ
ဆက်လက်ကြွေးကြော်နေပါရစေ…
နေ့ရက်တိုင်းကို
မသေချာခြင်း၊ မရေရာခြင်းတွေနဲ့
အဆုံးသတ်ရတဲ့အခါ
ဘာကြောင့်လဲလို့
ပြန်သုံးသပ်တတ်လာပေမယ့်လည်းလေ…
ကိုယ့်စိတ်ကိုယ်မှမပိုင်တော့တာ…
မြင်နိုင်တဲ့မျက်လုံးတွေဖွင့်ထားရက်နဲ့ကွယ်
ဘာကြောင့်များ ခံစားတတ်တဲ့နှလုံးသားကိုတော့
အတင်းအကျပ်လျစ်လျူရှုခဲ့လဲ…
ကျောက်ဆောင်တွေကတိုက်ပါများရင်
နဲ့လာတတ်တာတဲ့...
ငါကတော့ မြင်းမိုရ်တောင်ကို
ခေါင်းနဲ့တိုက်ရွှေ့ဖို့ အားထုတ်နေခဲ့တာလား…
ဒီလိုနဲ့ပဲ…
ပိုင်ဆိုင်ဖို့ကြိုးစားရင်း
စွန့်လွှတ်စရာဆိုတာ
မကျန်တော့လောက်အောင်
ဖြစ်ခဲ့ရတာပါ…
နောက်ဆုံးတော့ ငါ့ဘဝနဲ့လဲပြီး
လောင်းကြေးထပ်ခဲ့တယ်
ငါ့နှလုံးသားမှာ နင့်ခြေရာတောင်
ထင်မကျန်စေခဲ့ရဘူး…
EMS
27.7.2010
3:54 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment