CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Monday, April 20, 2009

ရင်ခွင်ဟောင်း


ရင်ထဲမှာဆို့နင့်နေတယ်… သူ့ကို မေးချင်တဲ့စကားတစ်ခွန်းရယ်… သူမမေးလဲဖြေချင်နေတဲ့ သူကြားဖူးနေကြစကားတစ်ခွန်းရယ်အတွက်ပါ… တစ်ကြိမ်တစ်ခါက ကျွန်မပိုင်ဆိုင်ခဲ့ဖူးတဲ့ ရင်ခွင်ဟောင်းတစ်စုံက အရင်လိုပဲနွေးထွေးနေလိမ့်မယ်လို့ ကျွန်မ မစဉ်းစားဖူးပါဘူး… အဲဒီရင်ခွင်မှာ ကျွန်မနှလုံးသားခြေချလိုက်ကတည်းကပေါ့… မျက်ရည်တွေနဲ့ ဒီရင်ခွင်ရင်းနှီးခဲ့တာ…

ကျွန်မက အစွဲအလမ်းကြီးတယ်… ပိုင်ဆိုင်လိုစိတ်များတယ်… အဲဒါအမှားတစ်ခုလည်း ဖြစ်ချင်ဖြစ်မှာပါ… အဲဒီစိတ်ကြောင့်သာ ကျွန်မမှာပိုင်ဆိုင်ခွင့်မရှိတော့တဲ့ ရင်ခွင်ကို ကျွန်မပိုင်ဆိုင်သေးတယ်လို့ ရူးရူးမိုက်မိုက်စိတ်ကူးယဉ်ကြည့်မိတာပေါ့…

အကောင်းတကာ့ အကောင်းဆုံးတွေကိုလုပ်ပေးမယ်လို့ ဆုံးဖြတ်ခဲ့တာလေ… ဆုံးဖြစ်ချက်တစ်ခု ခိုင်မာချိန်မှ အကောင်းဆုံးတွေကို လက်ခံမယ့်သူက တစ်ချက်လေးပဲ ခေါင်းခါတယ်… ကျွန်မကြိုးစားနေတဲ့ အကောင်းဆုံးဆိုတာ ဘာအဓိပ္ပါယ်ရှိနိုင်သေးလဲကွယ်… သဲထဲရေသွန်ဆိုတဲ့စကားတစ်ခုရဲ့ အတိမ်အနက်ကို အဲဒီကြမှ သိလိုက်တယ်…

ကျွန်မအထိနာခဲ့ပါတယ်… ကျွန်မရခဲ့တာတွေက တကယ်ရှိမလိုနဲ့ မရှိတဲ့ တံလျှပ်လိုလား… ဒါမှမဟုတ်ကျွန်မပေးခဲ့တာတွေက သူ့အတွက် တကယ်ရှိပေမယ့် မရှိဘူးလို့ထင်ရမယ့်၊ သူမမြင်နိုင်မယ့် လေပြေလေညင်းတစ်ခုလား…

ဒြပ်မဲ့တဲ့အရာတော်တော်များများကို ကျွန်မပေးခဲ့တယ်… ကျွန်မရဲ့အချစ်၊ ကျွန်မရဲ့နားလည်မှု၊ ကျွန်မရဲ့မေတ္တာ၊ ကျွန်မရဲ့အချိန်တွေ အကုန်လုံးပေါ့ရှင်… သူလိုသည်ဖြစ်စေ မလိုအပ်ဘူးဖြစ်စေ သူ့အတွက် ဒီအရာတွေက အမြဲတမ်းအချိန်ပြည့် ရှိနေမှာပါ…

ရယ်တော့ရယ်ရသားနော်… ကျွန်မဘဝထဲကို သူရောက်လာတည်းက ကျွန်မမှာ မနက်တိုင်းပြုံးဖို့ အကြောင်းရင်းတစ်ခု ရှိလာခဲ့တာ… ဒါကိုတောင် သူက ကျွန်မအချစ်တွေကို မခံစားရဘူးတဲ့…

မထိုက်တန်ဘူးလို့မပြောရက်ဘူး… သူနဲ့ထိုက်တန်တယ်ထင်လို့ ကျွန်မအချစ်ကို ပေးခဲ့မိတာပဲ… မခံစားခဲ့ရဘူးဆိုတဲ့သူအတွက်တော့ မြင်အောင်မပြနိုင်ခဲ့တဲ့ ကျွန်မကိုယ်ကျွန်မပဲ အပြစ်တင်ပါတယ်…

တစ်ခါတစ်လေခံစားချက်တစ်ခုက အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ပင်လယ်အောက်က မီးတောင်တစ်ခုဆိုတာ ကျွန်မမသိခဲ့ပါဘူး… ဒုတိယအကြိမ်သူနဲ့ ပြန်တွေ့တဲ့အထိပေါ့… ရယ်မောဖို့ကောင်းစွာပဲ ကျွန်မမြင်နေကျ မသိချင်ယောင်ဆောင်မှုတွေကို သူ့ဆီမှာမြင်ရပြန်တယ်… မြင်နေကျဖြစ်လို့ ထူးထူးထွေထွေ ခံစားမနေပေမယ့် နောက်ဆက်တွဲမေးခွန်းက ကပ်ပါလာတယ်…

“နင်တကယ်ပဲ ငါ့ကိုမချစ်ခဲ့ဖူးဘူးလား”

သိပါတယ်… အဖြေကိုသိတယ်… ဒါပေမယ့်လေ… သေမိန့်ကျပြီးမှတော့ ကျိန်ဒဏ်ထပ်ခံရလည်း မထူးတော့ဘူးဆိုသလိုပေါ့… မချစ်ဘူးဆိုတာသိပေမယ့် အဲဒီမသိချင်ယောင်ဆောင်မှုတွေနဲ့ တစ်ခါတစ်ရံပေးတတ်တဲ့ သူရဲ့အတုအယောင်ယုယမှုတွေမှာ ကျွန်မလည်း ဘယ်အချိန်ထိ မိန်းမောပြီး ဘယ်အချိန်များမှ နိုးထနိုင်မယ်ဆိုတာ ဘုရားပဲသိမှာလေ…

သူကတော့ ရင်ခွင်ပေါင်းစုံမှာ အလည်လွန်နေရင်း အသိစိတ်ပြန်ဝင်တဲ့တစ်နေ့ ငါ့ကိုတကယ်ချစ်ခဲ့တာသူပါလားလို့ စဉ်းစားနေမလားမသိဘူးနော်… ဒါကလည်း ကျွန်မရဲ့ ရူးမိုက်တဲ့ထင်မြင်ချက်တစ်ခုပါ…

သို့ ဖေဖေနဲ့မေမေ


To Parents Feat Hnin & Sweet - Aye Wutt Yi Thaung



လွမ်းလိုက်တာ ဖေနဲ့မေရယ်… တစ်ခါတစ်လေကျတော့လည်း လူတွေကထင်သလောက် မဖြူစင်ဘူး… အဖေအမေရဲ့အရိပ်အောက်မှာ လိုလေသေးမရှိ ကြီးပြင်းလာခဲ့တဲ့သူအတွက် ဒီလောက်တော့ငြီးငြူခွင့်ရှိမှာပါ… ဘာအပူအပင်မှ မရှိဘဲ နေခဲ့ရတဲ့အချိန်တွေကို လွမ်းလိုက်တာ… တစ်ချိန်ကတန်ဖိုးမထားခဲ့တာကို စဉ်းစားမိလိုက်ရင် ကိုယ့်ကိုယ့်ကို အပြစ်တင်လို့မဆုံးပါဘူး

တစ်ခါတစ်လေကျရင် အိမ်ပြန်ဖို့အတွက် ရှိသမျှအရာတွေကို စွန့်လွှတ်လို့ရမယ်ဆိုရင် စွန့်လွှတ်ပြီး ပြန်လာလိုက်ချင်ပါတယ်… ဒါပေမယ့် သမီးအတွက် အမြဲတမ်း ဂုဏ်ယူနေရတဲ့ မိဘတွေအတွက် သမီးဆက်ပြီး ကြိုးစားနေရဦးမှာပါ… ဘယ်လိုအခက်အခဲ စိတ်ဆင်းရဲမှုတွေရှိတယ်ဆိုတာ အဖေတို့အမေတို့ သိပြီးစိတ်ညစ်မနေစေရပါဘူး…

တွက်ကတ်တတ်တဲ့သူတွေကြား၊ လူမှုရေးနားမလည်တဲ့သူတွေကြား၊ တစိတ်ရှိရင် နှိမ်တတ်တဲ့သူတွေကြား၊ ကူညီရိုင်းပင်းစိတ်ဆိုတာ ဘာမှန်းမသိတဲ့သူတွေကြား၊ မျက်နှာသာမပေးတတ်တဲ့သူတွေကြား၊ စက်ရုပ်တမျှရှင်သန်နေတဲ့သူတွေကြား၊ ငါမှငါဆိုပြီး ငါကိုရှေ့တန်းတင်နေတဲ့သူတွေကြား၊ အဲဒီလူတွေ ပြည့်နှက်နေတဲ့ ဟောဒီ ကျွန်းကလေးမှာ သမီးတော့မပျော်နိုင်ပါဘူး မေနဲ့ဖေရယ်…

အိမ်ပြန်ရောက်ရင် အမေချက်တဲ့ထမင်း မရှိဘူးမေ… နေမကောင်းလို့ ဆေးချော့တိုက်မယ့်သူ မရှိဘူး… ဖုန်းလာလို့ ဘယ်သူ့ဆီကလည်းလို့ စိတ်ဝင်တစားလိုက်မေးမယ့်သူလည်း မရှိဘူး… ရင်ဖွင့်ချင်လို့ တီးတိုးဖော် အမေ့လို ယုံကြည်စိတ်ချရတဲ့သူငယ်ချင်း သမီးရှာမတွေ့ဘူး… အရင်လို အမေဆူသံလည်း သမီးမကြားရပါဘူး… အချိုးမပြေလို့ အမေဆူတိုင်း ဂျစ်တိုက်ပြီး အမေ့ကို မခေါ်မပြောနေတတ်တဲ့ သမီးတစ်ယောက် အဝေးရောက်နေလို့ အမေတစ်ယောက် လွမ်းနေမလားမသိဘူးနော်…

အဖေလည်း သမီးကို သတိရမှာပါ… တကယ်တမ်းတော့ အဖေ့ကိုလည်း လွမ်းလို့မဆုံးဘူး… ဒါပေမယ့် အမေ့ကိုဖုန်းဆက်ပြီးပြောပြသလို ဟိုအကြောင်း ဒီအကြောင်း ထွေရာလေးပါးတော့ အဖေ့ကိုဖုန်းဆက်မပြောဖြစ်ဘူး… လေးစားရတဲ့ တည်ကြည်တဲ့အဖေတစ်ယောက်ဖြစ်တာကြောင့်တစ်ကြောင်း၊ နောက်ပြီး အဖေအလုပ်များနေမှာရယ်ကြောင့်သာ တကယ်တမ်းကိစ္စရှိမှ အဖေနဲ့စကားပြောဖြစ်တယ်… ဒါပေမယ့် ပိုက်ဆံလိုမှ အဖေ့ဆီဖုန်းဆက်ဖို့သတိရတဲ့ သမီးမျိုးတော့ မဟုတ်ပါဘူးအဖေ… ဒါကို ဖေနားလည်မှာပါ…

အမြဲတမ်းဖုန်းဆက်ဖြစ်ရင် အဖေတို့အမေတို့ နေကောင်းရဲ့လားလို့ တစ်ခွန်းမမေးဖြစ်ဘူး… ဒါပေမယ့် ညဖက်တစ်ရေးထထနိုးရင်း အဖေတို့ နေမှကောင်းကြရဲ့လားလို့ တွေးပြီးပူခဲ့ရတဲ့ညတွေ မနည်းတော့ပါဘူး… မမေးဖြစ်ခဲ့တာက အဲဒီစကားတွေကို သမီးတစ်ရင်းတစ်နှီး မသုံးဘူးခဲ့လို့ပါ…

တစ်ခါတစ်လေကျရင် အူကြောင်ကြောင် အတွေးတွေလည်း သမီးတွေးမိသေးတယ်… သမီးအသက်မကြီးသွားချင်ဘူးလို့လေ… တစ်ချိန်သမီးအိမ်ပြန်လာပြီး အဖေတို့အမေတို့နဲ့ပြန်တွေ့တဲ့အချိန်ကျရင် ငါ့သမီးက အသက်ကြီးလို့ ရင့်ကျက်လာပြီဆိုပြီးတော့ လူကြီးတစ်ယောက်လို ဆက်ဆံခဲ့ရင် သမီးအရင်လို ချွဲခွင့်မရတော့မှာစိုးလို့…

မေနဲ့ဖေက ပြောဖူးတယ်… မိဘမေတ္တာဆိုတာ စုန်ရေပဲတဲ့… သမီးနားလည်ပါတယ်… အပြန်မရှိဘူးဆိုတာကိုပြောတာ… ဘာကိုမှာ ပြန်မမျှော်လင့်ဘူးဆိုတာကိုပြောတာ… ဒါပေမယ့်လေ… သမီးကိုပေးခဲ့တာထက် မေနဲ့ဖေကို ပြန်ပြီးပေးဆပ်ချင်ပါတယ်… အခုချိန်မှာ စကားအဖြစ်ပဲပြောနိုင်သေးတဲ့သမီးတစ်ယောက်ကို အပြစ်မတင်ဘူးဆိုတာသိပေမယ့် စိတ်တော့မသန့်ပါဘူး မေနဲ့ဖေရယ်…

တွေးပြီးပူရတာဆိုးတယ်လို့ အမေကခဏခဏပြောဖူးတယ်… နားလည်ပေမယ့် ကိုယ်ချင်းမစာတတ်ခဲ့ဘူး… အမေနေမကောင်းဘူးပြောတော့လည်း သမီးခြေမကိုင်မိ လက်မကိုင်မိဘူး… အိမ်မှာ လူတိုင်းကိုအမေဖြည့်ဆည်းပေးနေတာ… အမေနေမကောင်းတော့ ဘယ်သူဂရုစိုက်မှာလဲ… အဖေနေမကောင်းလို့ အသံပျော့နေတော့လည်း သမီးကြိတ်ငိုရတာပဲ… ဘယ်လောက် နေမကောင်းဖြစ်ဖြစ် အမြဲအားတင်းထားတဲ့အဖေတစ်ယောက် သမီးအသံကြားလို့ နေမကောင်းတာ တစ်ဝက်လောက်သက်သာတယ်ဆိုရင် ကျေနပ်ပါပြီဖေရယ်…

အချိန်ကြာလာတာနဲ့အမျှ အမေနဲ့အဖေရဲ့ မျက်ရည်တွေကို သမီးခံနိုင်ရည်မရှိတော့ဘူး… သမီးအတွက်ဝမ်းသာတော့လည်းငိုရ စိတ်ပူတော့လည်းငိုရ ဘယ်အချိန်မှာများမှ အပြည့်အဝပျော်ရအောင် ဖန်းတီးပေးနိုင်မလဲမသိဘူး ဖေနဲ့မေရယ်…

အခုသမီးဆီမှာ အသိစိတ်တွေလည်း ဝင်သင့်သလောက်ဝင်နေပါပြီ… ဖေနဲ့မေကို တတ်နိုင်သလောက် စိတ်ချမ်းသာအောင်ထားဖို့ပဲ ရှေ့လျှောက်စဉ်းစားတော့မယ်… အဲဒီအနွေးထွေးဆုံးရင်ခွင်လေးတစ်ခုကို ဖန်တီးပေးခဲ့လို့ ဖေနဲ့မေကို ကျေးဇူးတင်လို့ မဆုံးပါဘူး… သမီးရဲ့ကောင်းမှု ဆိုးမှုအားလုံးကို လက်ခံပေးနိုင်တဲ့ အဲဒီနေရာတစ်ခုကို ပြန်လာရမယ့်ရက်တစ်ရက် လက်ချိုးရေတွက်ရင်း အခုတော့ လွမ်းနေတယ်အဖေနဲ့အမေ…