Friday, May 27, 2011
WoRlD oF lIvInG hElL
Loving
All my hopes are shattered
Still I am living in ur shadow
I know I'll be left alone until the end
I never wanted anything but shed my skin to live another day.
It's all over now
Broken and faded away
I've learnt to live ur misery and I will live to rise again
I've been on my own
Living a little more without you
Losing someone u care to live for has cut me deeper as I walked away
On the moonlit light
Reveals what lies beneath for so long
U can't come back for left behind
All of that was ripped apart and gone
Break myself to take the blame
Buried all ur sins inside of me
I sacrificed my vanity
Even if u care, don't ever let me know
Tuesday, March 29, 2011
Sawadee kaaaaa
I thought about updating my bloggie while I was in Bkk and the connection wasn't favoring me. The only place I can get wireless was near the window of my room, so had to go and stand there even when I wanna check my mail. Haha. Yeah! I know that sucks.
Anyway, I had a great great time there with dad since I'm feeling pretty shitty in Singapore these days. Thanks dad! This time was quite not for shopping, but we went to places which are not quite known by most of the tourists. Chiangmai, Pattaya, Phuket? Come on!!! Everyone's been there.
We went to the beaches call Huahin and Cha-am which are like 3 hours drive from Bangkok. It's nothing compared to our Ngapali or even Chaungthar. The only big hotel you can find there was Hilton and the rest are more like inn or motel to me. But anyway, I enjoyed every single seconds there. The places, the people, weather and food ESP .
Alright, coming up with the pictures tomorrow cuz I'm updating from my phone and too bad, I can't upload photos. Tomorrow will be the day, aite?
Luv u guys!!! Nite nite.
Friday, November 26, 2010
ဘာမှ...
ဘာမှ
ပျော်ရွှင်မှုကို တောင်းဆိုဖို့လောက်ထိ
ငါ့မှာအားမရှိခဲ့သလို
အထီးကျန်မှုကို တွန်းဖယ်ဖို့လောက်လည်း
မစွမ်းသာခဲ့…
ရောင့်ရဲမှုကို
ရေလဲလိုသုံးရင်း
ဟန်ဆောင်ပြုံးကတော့
ညစ်ထေးလျက်ပေါ့…
တစ်ခါတစ်ခါကြတော့
ငါ့ရဲ့ညတွေမှာ
လကတောင်သာဖို့
ငြင်းဆန်နေပြန်တယ်…
ကျောပြင်ပေါင်းများစွာကို
ငေးကြည့်ရင်း
ကိုယ့်ကိုယ်ကိုလိမ်လို့
နောက်လှည့်လိုက်မိတယ်…
ပေါက်တဲ့နှဖူး
မထူးရင်လည်း
ဖိနပ်ပါးအောင်
ငါဆက်သွားလိုက်ပါတော့မယ်…။
Sunday, September 12, 2010
ခေါင်းလေးမော့ပါဦး
ကိုယ့် Blog ကိုယ်ပြန်ကြည့်လိုက်တော့ အချစ်အကြောင်းတွေ သိပ်များနေတယ်… အချစ်အကြောင်းတွေပဲ ရေးနေလို့ ဒီကောင်မလေးက တစ်ခြားဘာပြသနာမှ မရှိဘူးလို့ မထင်ပါနဲ့… ရှိပါတယ်… ဒါပေမယ့် စာနဲ့ချရေးဖို့နေနေသာသာ စဉ်းစားချင်စိတ်တောင်မရှိလို့ မရေးဖြစ်သေးတာပါ… တစ်ချိန်ချိန်တော့ အခါအခွင့်သင့်သလို ရေးဖြစ်ဦးမယ် ထင်ပါတယ်…
ကဲ… လောလောဆယ်တော့ ရေးချင်တာတွေ သိပ်များပြီး ဘာရေးရမှန်းကိုမသိလို့… သီချင်းလေး တစ်ပုဒ်အရင်တင်ပေးလိုက်ပါတယ်… လှိုင်ဦးမော်ဆိုတာပါ… အခွေကလည်း ထွက်ခဲ့တာ ကြာပါပြီ… ဒါပေမယ့် အခုမှ ပြန်နားထောင်ဖြစ်ရင်းနဲ့ ပြန်ကြိုက်လာလို့ အားလုံးကို Share လုပ်ပါတယ်… ထုံးစံအတိုင်း Mp3 လိုချင်ရင်တော့ kisspurple@gmail.com ကို request လုပ်ပေါ့နော်…
သီချင်းလေးက ချစ်ဖို့ကောင်းတယ်… တစ်ခုခုတော့ ရမှာပါ… ပုံမှန်နားထောင်နေကျ သီချင်းတွေနဲ့တော့ နည်းနည်းကွာမလားပဲ… သူက Alternative ဘက်နည်းနည်းသန်းတာကိုး…
ဘယ်လိုနေလဲသီချင်းလေး ? အားလုံးကြိုက်ကြမယ်တော့ ထင်ပါတယ်…
တစ်ချိန်ကတော့ သီချင်းတွေက ကျွန်မအတွက် အကောင်းဆုံး ကြားခံနယ် ဒါမှမဟုတ်လည်း အောင်သွယ်တော်ကောင်းတွေ ဖြစ်ဖူးခဲ့ကြတယ်ရှင့်…
Monday, September 6, 2010
မသိခြင်းများနှင့် လောကကြီး
ဒါပေမယ့် ခြွင်းချက်တော့ရှိတာပေါ့လေ… Satori Production ကထုတ်တဲ့ ဇာတ်လမ်းတွေဆို ကျွန်မကြည့်ပါတယ်… သူ့ဇာတ်လမ်းတွေက များသောအားဖြင့် နိုင်ငံခြားဇာတ်လမ်းတစ်ခုခုကို အခြေခံပြီးရိုက်တာများပါတယ်… ဒါပေမယ့် တိုက်ရိုက်ကြီး မြန်မာမှုပြုလိုက်တာ မဟုတ်တဲ့အတွက် သူတို့ရဲ့အားထုတ်မှုကို ချီးကျူးမိတာလည်းပါပါတယ်… နောက်ပြီးသူတို့သုံးတဲ့ System တွေ… Equipment တွေ… အဓိကကတော့ Sound System နဲ့ သုံးသွားတဲ့ Music လေးတွေပါ… အဲ့ဒါတွေက ပုံမှန်လုပ်နေကြ တစ်ခြားသူတွေရဲ့ Artwork တွေနဲ့ အရမ်းကွာပါတယ်… ထားပါလေ… ဆက်ပြောရင် ကျွန်မ Satori အတွက် Marketing ဆင်းပေးနေတယ် ထင်ကြဦးမယ်…
ဒီနေ့ကြည့်ဖြစ်တဲ့ ဇာတ်လမ်းနာမည်က “သူ” တဲ့… အရူးတစ်ယောက်အကြောင်းပါ… သူ့ကိုသူ Superman လို့ထင်နေတဲ့ အရူးတစ်ယောက်ပေါ့… တစ်ခြားစိတ်မမှန်တဲ့ Character တွေနဲ့ သူ့ကိုခွဲခြားပစ်လိုက်တာက သူ့မှာ Environmentalist တစ်ယောက်ရဲ့ အသိလိုရှိနေတာ… ကျွန်မကလည်း အခုတလော Sustainable Tourism အကြောင်းလေ့လာရင်းနဲ့ Environment Saving ဘက်ကို ပိုပြီးအားသန်နေမိတာဆိုတော့ ဒီဇာတ်လမ်းနဲ့ပါတ်သတ်ပြီး သူများတွေရတာထက် ကျွန်မက ရသတစ်ခုပိုရမလားပဲ…
အဲ့ဒီ Superman က သူကမ္ဘာကြီးနဲ့ လူသားတွေကို တတ်နိုင်သလောက်ကူညီတယ်ပေါ့လေ… လူသားတွေကို Environmental Issue တွေ ပြောပြတယ်… ကမ္ဘာကြီးကို ကယ်တင်ဖို့ စီးရုံးတယ်… သူက အမြဲတမ်း အကူအညီလိုတဲ့သူတွေ့ရင် ကူညီဖို့အဆင်သင့်ဖြစ်နေတတ်တာမျိုးပေါ့… ဒါပေမယ့် တစ်ရက်တော့ အကြောင်းအမျိုးမျိုးကြောင့် သူရဲဖမ်းခံရတယ်… အဲ့ဒီအချိန်မှာ အချုပ်ကပြန်လွတ်ဖို့အတွက် သူ့မှာစိတ်ရောဂါရှိပါတယ်ဆိုတာ ထောက်ခံချက်ပြရတော့တာပေါ့… ဒီလိုနဲ့ သူအချုပ်ကလွတ်လာတော့ စိတ်ရောဂါကုဆေးရုံကို ပြန်ရောက်သွားတယ်… နောက်တော့ သူ့ရဲ့ Superman အဆွဲ ကျွတ်သွားတယ်ဆိုပါတော့… သူ့ရဲ့ ကျန်ရှိတဲ့ဘဝကို ဘယ်လိုဆက်ပြီး ဖြတ်သန်းသွားမယ်ထင်ကြလဲ… (သိချင် ဝယ်ဖတ် တစ်ကျပ် တစ်ကျပ်ပါ :P)
အဲ့ဒီအကြောင်းကို တစ်ခါတုန်းက မေမေနဲ့ စကားပြောခဲ့ကြဖူးတယ်… ကျွန်မတို့ အိမ်နားမှာ စိတ်မမှန်တဲ့ ဦးလေးကြီးတစ်ယောက်ရှိပါတယ်… သူက တကယ်တော့ ဆရာဝန်ပါ… အကြောင်းကြောင်းကြောင့် စိတ်ဖောက်ပြားသွားခဲ့ရတာပါ… ဆရာဝန်ဆိုတည်းက သူ့ရဲ့လူနေမှုအဆင့်အတန်းလည်း မနိမ့်လှပါဘူး… ဒါပေမယ့် ဒါတွေက သူ့အတွက် အရေးမှမကြီးတော့ဘဲ… သူ့မှာ အမြဲဝတ်တတ်တဲ့
အင်္ကျီတစ်ထည် နဲ့ ပုဆိုးတစ်ထည်ပဲ ရှိပါတယ်… ဖိနပ်မပါဘဲလျှောက်သွားတတ်တယ်… ဆေးပေါ့လိပ်ကို ပါးစပ်မှာခဲလို့ပေါ့… သူလိုပဲ စိတ်ဝေဒနာသည်တွေနဲ့ စကားလက်ဆုံကြနေတတ်တယ်… စိတ်ပါရင် သူလူတွေကို ကူညီမယ်… ပုဆိုးစွန်တောင်ဆွဲပြီးသွားတတ်တဲ့သူ့ကို တစ်ချို့ကလည်း စုတ်တသပ်သပ်… တစ်ချို့ကလည်း နှာခေါင်းတရှုံ့ရှုံ့ပေါ့…
ကျွန်မအမေကတော့ ဆိုလာတယ်… အဲ့ဒီသူကိုမြင်ရတာ သနားလွန်းလို့ ဆေးကုပေးချင်တယ်တဲ့… အမေက တကယ်ကို လေးလေးနက်နက်ပြောလာလို့ ကျွန်မလည်း စဉ်းစားမိတာပါ… မဖြစ်နိုင်ဘူးလို့… ဒီကိစ္စက သူတို့အိမ်ကအိမ်သားတွေ သဘောတူဦးမှ ဖြစ်တဲ့ကိစ္စကိုး… နောက်တစ်ခုက သူတို့တွေလည်း ချမ်းသာကြပါတယ်… ကုမယ့်ဆို ဘာမှစဉ်းစားစရာမလိုဘဲ ကုပေးနိုင်ကြတဲ့သူတွေပါ… အဲ့တော့ ဘာမှမဆိုင်တဲ့ သူတစ်ယောက်က ဆေးကုပေးမယ်ဆိုတာကို လက်ခံနိုင်ကြလိမ့်မယ်လို့ ကျွန်မတော့ မထင်ဘူး…
နောက်တစ်ခုက အခုချိန်မှာ သူကစိတ်မမှန်လို့သာ သူ့ဘဝကြီးမှာ နေပျော်နေတာ… သူသာ နေပြန်ကောင်းသွားခဲ့ရင်………..?
တစ်ခါတုန်းက လုပ်ခဲ့ဖူးတဲ့ ဆရာဝန်အလုပ်ကိုလည်း ပြန်လုပ်လို့မရတော့မှာ အမှန်ပဲ… ဘယ်သူက ယုံကြည်စွာလာကုမလဲ? သူ့မှာ လိုအပ်ချက်တွေ များလာမယ်… ရှေ့ဆက် ဘယ်လိုဆက်ခန်းသွားရမယ်ဆိုတာ သူတွေးလာမယ်… မဖြစ်နိုင်တာတွေ များလာတဲ့အချိန်မှာ သူစိတ်ဓါတ်ကျလာမယ်… ဒါမှမဟုတ် သူဟာ သူ့အတွက်ရော သူ့ဘေးကသူတွေအတွက်ပါ လူပိုတစ်ယောက်ဖြစ်လာတယ်လို့ ခံစားလာရမယ်… သူအရင်လို ပျော်ဦးမှာလား? သူအရင်လို လောကကြီးမှာ နေချင်ဦးမှာလား?
အဲဒါကြောင့်… စဉ်းစားမိပါတယ်… တစ်ခါတစ်ရံမှာ တစ်ချို့အရာတွေဟာ ပြုပြင်ပြောင်းလဲမှုလိုအပ်သလို တစ်ချို့အရာတွေကြတော့လည်း ဒီအတိုင်းလေးထားလိုက်ရင် ပိုပြီးအံဝင်ခွင်ကြဖြစ်နေမလားပဲ…
ကျွန်မက လူတွေရဲ့ တန်ဖိုးကို သူဘယ်လောက်ချမ်းသာတယ်… သူဘယ်လောက် အောင်မြင်တယ်… ဒါမှမဟုတ် သူဘယ်လောက် ပညာတတ်တယ်… အဲ့ဒီအပေါ်မှာ မတိုင်းတာပါဘူး… ကိုယ်မသေခင်အချိန်လေးမှာ တတ်အားသလောက် ကိုယ့်ပါတ်ဝန်းကျင်အပေါ်မှာ ဘယ်လောက်ထိ လူသားဆန်စွာ အကျိုးပြုသွားနိုင်တယ်ဆိုတာတွေကိုပဲ ကြည့်ပါတယ်…
ဒါကြောင့်ပဲကြည့်လေ… ဟို Superman ဆိုတဲ့သူတို့… ကျွန်မအိမ်နားက ဦးလေးကြီးတို့… သူတို့ဘာကိုမှာ မသိကြဘူးထားဦး… ပညာတွေတတ်ရက်နဲ့၊ ပိုက်ဆံတွေရှိရက်နဲ့ လူသားဆန်တဲ့အသိမရှိကြတဲ့ သူတစ်ချို့ထက်စာရင် သူတို့တွေပိုပြီး တန်ဖိုးထားခံရတယ်… နေလို့လည်း ပျော်တယ်… သေလို့လည်း ပျော်ပါတယ်…
အင်း… တစ်ခါတစ်လေတော့လည်း… တစ်ချို့ မသိခြင်းတွေက လောကကြီးကို ပိုမိုလှပစေသလားပဲနော်… ရှင်တို့ရော ဘယ်လိုထင်ကြလဲ?
Tuesday, August 3, 2010
ဒီညနှင့် သူဧ။်ရောက်တက်ရာရာ
အခုတလော စာမေးပွဲတွေအတွက် စာကျက်နေရတာနဲ့ အစားကိုဟုတ်တိပတ်တိလည်း မစားဖြစ်တော့ဘူး… အရင်ကတော့ သူငယ်ချင်းမိုးနဲ့ နေ့တိုင်းနီးပါး ညစာအတူတူထွက်စားနေကြပါ… အခုတလောတော့ သူလည်း အလုပ်တွေများနေတာနဲ့ ညစာတောင်အတူထွက်မစားရတာကြာပါပြီ… အဲ့တော့ တစ်ယောက်တည်းအိမ်မှာ ထွေထွေထူးထူးလုပ်မနေတော့ဘူးလေ… Apple Juice လေးနဲ့ အသီးတစ်ချို့စားပြီးပဲ နေလိုက်တာပေါ့… ကစ်တီ့ကိုတောင် ပြောဖြစ်ပါသေးတယ်… ငါပိန်သွားပြီလို့…
တကယ်ကတော့ ကိုယ့်အထင်နဲ့ကိုယ်ဟုတ်နေတာပါ… ၄ ရက်လောက် အစားမမှန်တာနဲ့ ဘယ်ပိန်ပါ့မလဲ… နေမကောင်းလို့ ၂ပါတ် အစားမစားရတာတောင် ၂ ပေါင်ပဲကျတဲ့ကိစ္စ… အဟင့်… မပြောပါနဲ့… ဝိတ်အကြောင်းပြောရင် စိတ်နာပါတယ်… ဟိုတစ်ရက်ကလည်း မမြင်တာကြာတဲ့ရည်းစားဟောင်းက တွေ့တွေ့ခြင်းပြောသွားပါတယ် “ံHey, babe, you gained weight!!!!!”… ကဲ… ကိုယ့်ကိုယ်ကို သတ်သာသေလိုက်ချင်တော့တယ်…
ထားပါတော့… အဲ့ဒီအကြောင်းကို မေ့ထားပြီး စာမေးပွဲပြီးတာနဲ့ကို စားချင်တာတွေ လုပ်စားပစ်မယ်… ဝယ်စားပစ်မယ်… ချက်ကျွေးခိုင်းမယ်… အဟိ… စာမေးပွဲပြီးရင်ဆိုပြီး အားတင်းထားရတဲ့ Wish List လေးရှိပါတယ်… ခရီးသွားဖို့အစီအစဉ်ကတော့ လုံးဝကိုပျက်သွားပါပြီ… အတူတူသွားမယ့်သူငယ်ချင်းတွေရဲ့ Personal Reason တွေကြောင့်ပါ… သေရေးရှင်ရေးဆိုတော့လည်း မတတ်သာပါဘူး… အပြစ်တင်နေတော့လည်း အပိုပါပဲဆိုပြီး တစ်ယောက်တည်းခရီးထွက်ဖို့ကိုသာ စဉ်းစားနေမိတော့တယ်…
ရန်ကုန်ပြန်ဖို့စဉ်းစားပြန်တော့လည်း ကိုယ့်ဟာကိုယ်ပြန်တွက်ကြည့်တယ်… ဒီကိုစရောက်တာ 16th august 2008 မှာ… 23rd January 2009 ကနေ 16th February 2009 အထိ ရန်ကုန်ကို ပြန်ပါတယ်… 22nd September 2009 ကနေ 22nd October 2009 အထိလည်း ထပ်ပြန်ပါတယ်… 2nd January 2010 ကနေ 12th January 2010 တစ်ခါ… 7th February 2010 ကနေ 25th April 2010 အထိတစ်ခါဆိုတော့…. အခု August မှာ ထပ်ပြန်ခဲ့ရင် အိမ်ကရိုက်တော့မှာပေါ့နော်… ဒါနဲ့ပဲ ဝမ်းနည်းစွာနဲ့ ရန်ကုန်ပြန်ချင်တဲ့စိတ်ကို ချိုးနှိမ်လိုက်ရပါတော့တယ် ဒီဇင်ဘာကျမှပဲပြန်ပါတော့မယ်လေ… ဟင့်…
သြော်… ဒါနဲ့စကားမစပ်… ဒီနေ့ကံမကောင်းဘူးသိလား…
အစကတော့ ကံကောင်းပြီထင်ပြီး အတော်ပျော်နေတာပါ… ဇာတ်လမ်းကဒီလို…
သူငယ်တန်းတုန်းက ကြိတ်ကြွေဖူးတဲ့အကိုကြီးတစ်ယောက်ရှိပါတယ်… (အဟိ… သူငယ်တန်းတည်းက အဲ့လိုမလွယ်တာ) :P မဟုတ်ပါဘူး… ဒါကဒီလိုရှိပါတယ်… သူငယ်တန်းတုန်းကတွေ့တော့ ဒီအကိုကြီးမိုက်တယ်ပေါ့… ကလေးချင်းအတူ သူက အဆိုတော်ဖြစ်နေတာကိုး… (နာမည်ပြောလိုက်ရင် လူတိုင်းသိမှာစိုးလို့ မပြောတော့ဘူး) အသက်ကလေးရလာတော့ ပိုခိုက်လာတယ်ပေါ့နော်
ဒီနေ့ဖြစ်ချင်တော့ သူငယ်ချင်းတစ်ယောက်နဲ့ပြောနေရင်း အဲ့သူငယ်ချင်းနဲ့အကိုကြီးနဲ့က အသိတွေဖြစ်နေပါတယ်… သူ့ရဲ့ Facebook အကောင့်ကိုတောင်းတော့ ဟိုသူငယ်ချင်းက Facebook ဘယ်လိုမှ ဝင်လို့မရခဲ့ဘူး… အဲ့ဒါနဲ့ ကိုယ်တိုင်ဝင်ရှာတော့လည်း မတွေ့ခဲ့ပါဘူး… နောက်မှ ကစ်တီလာတော့ ကစ်တီ့ကိုပြောပြဖြစ်တယ်… ကစ်တီရှာပေးတော့ တွေ့ပါတယ်… အဲ့ဒါနဲ့ သူလင့်ခ်ပေးတဲ့အချိန်မှာ အဲ့ဒီလင့်ခ်က ဖွင့်လို့မရဘူးဖြစ်နေတယ်… နှိပ်လိုက်ရင် Facebook Home Page ကိုပဲ ရောက်ရောက်သွားတယ်…
အဲ့ဒါနဲ့ ကစ်တီက သူ့ကို Add ဖို့ Suggestion ပို့လိုက်တယ်… ရောက်မလာခဲ့ပါဘူး :P အားမလျှော့ဘဲနဲ့ Email ထဲမှာ ဝင်စစ်လိုက်တော့ Facebook ရဲ့ Notification ရောက်နေပါတယ်… အဲ့ဒီထဲက လင့်ခ်လေးကို နှိပ်လိုက်ချိန်မှာတော့ တော်တော်ကိုအားတက်စရာပါ… Home Page ကိုပဲ ပြန်ရောက်ပါတယ်… အရှုံးပေးလုဆဲဆဲမှာ သူ့ Account ကိုဖွင့်လို့ရသွားတယ်… အားတက်သရောနဲ့ပေါ့… ဓါတ်ပုံတွေကြည့်လိုက်ချိန်မှာတော့ သူအခြောက်ဖြစ်သွားပါပြီ… အောင်မလေး… အရပ်ကတို့ရဲ့… ကြားလို့မှ ကောင်းကြသေးရဲ့လား…
ရင်ထဲမှာဘာကြီးဖြစ်သွားမှန်းကို မသိဘူး… ဒါပေမယ့်လည်း အကောင်းဘက်က တွေးပေးလိုက်ပါတယ်… ငယ်ငယ်ထဲကသာ ကြိုက်ဖြစ်ခဲ့ကြရင်ဒုက္ခလို့… EMS နဲ့ကြိုက်နေရင်းသာ သူကတစ်ခြားယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်နေပါပြီတဲ့… ဘယ်လိုမှ ဖြေသိမ့်နိုင်မယ်မထင်… :P (ညကျရင် ဒီလူကြီးကို အိပ်မက်မမက်အောင် ဆုတောင်းပေးကြပါဗျာ)
ကဲ… နားမယ်ဂျာ…
ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ…
EMS
2.8.2010
2:38 AM
Tuesday, July 27, 2010
ကစားပွဲ
စည်းကမ်းတွေ
မရှိခဲ့ဘူး
တားမြစ်ချက်တွေလည်း
မရှိခဲ့ပါဘူး
တံခါးမရှိသလို
ချည်နှောင်ထားခြင်းလည်းကင်းမဲ့ခဲ့…
ငယ်သူမို့မသိပါတဲ့လား
ငယ်သူမို့ပဲ မသိချင်ယောင်ဆောင်ပေးခဲ့ရတာပါ
တစ်ရံတစ်ခါတော့
ငယ်သူ့အချစ်ကို လေးစားစေချင်သေးလား…
လေးစားစေချင်သေးရဲ့…
ဦးနှောက်ရဲ့ချိန်ဆမှုထက်
နှလုံးသားရဲ့ဆန္ဒက
အလေးပိုသာသွားတဲ့အခါ
ဆုံးဖြတ်မှား တစ်ကြိမ်လောက်တော့ ချခွင့်ပေးပါ…
နောင်ပြန်မရနိုင်မယ့်
ခဏလေးတွေအတွက်
ပေးဆပ်လိုက်ရတဲ့တန်ဖိုးကို
ဒြပ်ရှိတွေနဲ့တော့ မတိုင်းတာနဲ့ပေါ့
အချစ်မှာအချစ်ပဲရှိတယ်လို့
မိုက်ရူးရဲဆန်စွာ
ဆက်လက်ကြွေးကြော်နေပါရစေ…
နေ့ရက်တိုင်းကို
မသေချာခြင်း၊ မရေရာခြင်းတွေနဲ့
အဆုံးသတ်ရတဲ့အခါ
ဘာကြောင့်လဲလို့
ပြန်သုံးသပ်တတ်လာပေမယ့်လည်းလေ…
ကိုယ့်စိတ်ကိုယ်မှမပိုင်တော့တာ…
မြင်နိုင်တဲ့မျက်လုံးတွေဖွင့်ထားရက်နဲ့ကွယ်
ဘာကြောင့်များ ခံစားတတ်တဲ့နှလုံးသားကိုတော့
အတင်းအကျပ်လျစ်လျူရှုခဲ့လဲ…
ကျောက်ဆောင်တွေကတိုက်ပါများရင်
နဲ့လာတတ်တာတဲ့...
ငါကတော့ မြင်းမိုရ်တောင်ကို
ခေါင်းနဲ့တိုက်ရွှေ့ဖို့ အားထုတ်နေခဲ့တာလား…
ဒီလိုနဲ့ပဲ…
ပိုင်ဆိုင်ဖို့ကြိုးစားရင်း
စွန့်လွှတ်စရာဆိုတာ
မကျန်တော့လောက်အောင်
ဖြစ်ခဲ့ရတာပါ…
နောက်ဆုံးတော့ ငါ့ဘဝနဲ့လဲပြီး
လောင်းကြေးထပ်ခဲ့တယ်
ငါ့နှလုံးသားမှာ နင့်ခြေရာတောင်
ထင်မကျန်စေခဲ့ရဘူး…
EMS
27.7.2010
3:54 AM
Saturday, July 24, 2010
မင်္ဂလာနံနက်ခင်းပါရှင် :)
ဘလော့ဂ်လေးကို ပြန်ပြီး update လုပ်ဖို့ ကြိုးစားနေတာ တော်တော်ကြာပါပြီ… ရေးချင်တာတွေများပြီး ဘာရေးရမှန်းကို မသိတော့တာနဲ့ ဘာမှကို မတင်ဖြစ်ခဲ့တာပါ… ကစ်တီတစ်ယောက် ဆီပုံးမှာလာအော်သွားမှပဲ သြော်… ငါ့ဘလော့ဂ်လေး ဖုန်တော်တော်တက်နေပါပေါ့လားလို့ စဉ်းစားမိတော့တယ်…
အခုတလော ဘာမှကိုလုပ်ချင်စိတ်မရှိဘူးကွယ်… ပြသနာတွေကလည်း စင်ကာပူက culture လို Q စီနေသလားမှတ်ရတယ်… တစ်ခုပြီးတစ်ခုပါပဲ… တစ်ရက်လောက် အိမ်နဲ့၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြတ်သွားလိုက်တာနဲ့ သတင်းတစ်ခုတော့ လွတ်သွားပြီလို့သာ မှတ်ရတဲ့ အခြေအနေကိုဖြစ်လို့… လောကကြီးရယ်… တစ်ခါတစ်လေတော့လည်း ငါ့ကိုအနားပေးသင့်ပါတယ်…
စာမေးပွဲတွေလည်းနီးလာပြီ… တစ်ပါတ်ပဲအချိန်ရတော့တယ်ဆိုတာကို မေ့ချင်သလိုလို… ဖြေနိုင်မယ်လို့တော့ ထင်ထားတာပဲလေ… ကျတော့လည်း ကျလို့ပေါ့… နော့… စာမေးပွဲပြီးလို့ ခရီးသွားရမှာကိုပဲ စိတ်ကရောက်ရောက်နေတယ်… ခရီးထွက်ပြီးရင်တော့ လူကနေလို့ကောင်းလာမယ်ထင်တာပဲ… Bank Account ကတော့ လှမ်းပြီးမျက်စောင်းထိုးနေလေရဲ့… မသိချင်ယောင်ဆောင်ထားလိုက်တယ်… မှတ်ကရောပဲ :P
စင်ကာပူရောက်တည်းက ခရီးထွက်ဖို့ကြိုးစားနေတာ… လက်ထဲကို လေယာဉ်လက်မှတ်ဝယ်ဖို့ ပိုက်ဆံရောက်လာတိုင်း၊ ကျောင်းကပိတ်ရက်တွေရတိုင်း တစ်ခြားနေရာသွားဖို့ထပ် ရန်ကုန်ပြန်ဖို့ကိုသာ လုံးပန်းလိုက်တာ… သွားမယ်ဆိုတဲ့ ရှန်ဟိုင်းလည်း ဒီတစ်သက်တော့ မရောက်ဖြစ်သေးဘူး… ရန်ကုန်ကိုသာ နှစ်နှစ်အတွင်းမှာ ၅ ခါပြန်ပလိုက်တယ်… မှတ်ကရောပဲ…
အခုတော့ ပိတ်ရက်ရတဲ့ ၃ပါတ်အတွင်းမှာ အင်ဒိုနဲ့ ချင်းမိုင်းကိုသွားဖြစ်အောင်သွားတော့မယ်… ဘယ်သူနဲ့လဲ ဟုတ်လား… ဟဲဟဲ… ဘယ်ပြောလိမ့်မလဲ… နောက်တာပါဂျာ… အင်ဒိုကို ကျောင်းက သူငယ်ချင်းတစ်စုနဲ့ပါ… ဟိုမှာလည်း စင်ကာပူကပြန်သွားတဲ့ သူငယ်ချင်းတွေရှိတာနဲ့ သွားလည်ကြမှာပါ… မရောက်ဘူးတာလည်းပါတာပေါ့… ချင်းမိုင်ကတော့ ချစ်လှစွာတော့ ဂွိုင်မနဲ့ပါ… စီးပွားရေးကိစ္စလေးတွေကြောင့်… အဟတ်… (ဒါကလူရှိန်အောင်ပြောတာ)… မလောပါနဲ့လေ… နောက်တော့ သိရမှာပေါ့…
ဟင်…
နာရီလက်တံလေးတွေက တည့်တည့်လေး ထက်ခြမ်းခွဲနေရဲ့… ၆း၃၀ တဲ့… သြော်… ဟုတ်ကဲ့… မနက်ခင်းပါ… အခုတလော ဘာဖြစ်တယ်မသိပါဘူး… ညညဆိုအိပ်လို့မရဘူး… မနက်ဆိုရင်တော့ ထုံးစံအတိုင်းထလို့မရဘူးပေါ့… အခြေအနေကဆိုးဆိုးလာတယ်… ဒီထက်ဆိုးလာရင်တော့ ဆေးခန်းပြဖို့ သူငယ်ချင်းတစ်ယောက်ကလည်း လှုံ့ဆော်နေပြီ… “မပူပါနဲ့လေ… အသက်နဲ့အဝေးကြီးပါ…” ဒီလိုပဲ သူတို့ကို ပြန်အားပေးလိုက်တယ်… :P
အစတုန်းကတော့ ဒီပို့စ်ကို အတည်အတံ့ရေးမလို့ပဲ… ရေးရင်းနဲ့ stress တွေကို ဖောက်ထုတ်လိုက်တာ ပေါက်ကရတွေဖြစ်သွားတယ် ချစ်တို့ရေ… သည်းခံကြပါ… ဝင်ဖတ်သူများလည်း Comment ရေးရင် ရုပ်ပိုချောပါစေလို့ ဆုတောင်းပေးမယ်သိလား… ခုတော့ အိပ်ဖို့ကြိုးစားလိုက်ဦးမယ်ကွယ်… နက်ဖြန်အတွက်… အဲလေ… ဒီနေ့အတွက် အားမွေးဖို့ပေါ့… အားလုံးပဲ… ဒီပို့စ်ကို မနက်ပိုင်းမှာဖတ်ဖြစ်ရင် ကောင်းသောမနက်ခင်းပါရှင်… ပျော်ရွှင်တဲ့နေ့လေးတစ်နေ့ဖြစ်ပါစေ…
ချစ်သော
EMS
24.07.2010
6:35 AM
Thursday, February 4, 2010
ချစ်သူက မသိပါဘူး
ချစ်သူက မသိပါဘူး… ရင်ကွဲအောင် လွမ်းနေတာတွေကို…
ချစ်သူက မသိပါဘူး… စကားတစ်ခွန်းကြောင့် ဖုန်းတောင် မဆက်ရဲခဲ့တာကို…
ချစ်သူက မသိပါဘူး… မျိုသိပ်နေရတာတွေကို…
ချစ်သူက မသိပါဘူး… မှီတွယ်အားကိုးလို့ရမယ်ထင်ခဲ့ပေမယ့် လိုအပ်တဲ့အချိန်တွေမှာ သူမရှိနိုင်ခဲ့တာကို…
ချစ်သူက မသိပါဘူး… နှလုံးသားရဲ့ဆန္ဒတွေမှာ သူမပါရင်မပြီးတာကို…
ချစ်သူက မသိပါဘူး… စိုးရိမ်ပူပန်ပြီး ကြိုကြိုတင်တင် ငိုနေရတဲ့အဖြစ်ကို…
ချစ်သူက မသိပါဘူး… မိုင်တွေကွာဝေးလှတဲ့ တစ်နေရာကသူတစ်ယောက်ရဲ့စိတ်ကို အချိန်ပြည့် စိုးမိုးထားနိုင်တာကို…
ချစ်သူက မသိပါဘူး… ကိုယ့်အချစ်နဲ့ထပ်တူ သူ့ဆီက မျှော်လင့်မိတာကို…
ချစ်သူက မသိပါဘူး… မက်ခဲ့တဲ့အိပ်မက်တွေနဲ့ မက်နေဆဲအိပ်မက်များကို…
ချစ်သူက မသိပါဘူး… သူ့စိတ်ကို ကိုယ်အသိဆုံးပဲဆိုတာကို…
ချစ်သူက မသိပါဘူး… ကျတဲ့မျက်ရည်တိုင်းရဲ့ အဓိပ္ပါယ်နဲ့ အတိမ်အနက်ကို…
ချစ်သူက မသိပါဘူး… တင်းကျပ်စွာဖက်လိုက်တိုင်း ဒါဟာနောက်ဆုံးမဟုတ်ပါဘူးလို့ အားတင်းနေမိတဲ့ ကိုယ့်အဖြစ်ကို…
ချစ်သူက မသိပါဘူး… သူနဲ့ဝေးတိုင်း ကိုယ်လမ်းတွေ ပျောက်ပျောက်သွားတတ်တာကို…
ချစ်သူက မသိပါဘူး… လျစ်လျူရှုခံနေရတဲ့ ကိုယ့်နှလုံးသားကို…
ချစ်သူက မသိပါဘူး… တစ်ခါတစ်လေ ကိုယ်အပြစ်တင်ရမှာတောင် သိပ်ပင်ပန်းလာတတ်တာကို…
ချစ်သူက မသိပါဘူး… သူကိုယ့်အတွက် ဘယ်လောက်ထိ တန်ဖိုးရှိတယ်ဆိုတာကို…
ချစ်သူက မသိပါဘူး… အဲ့ဒီဘာမှမသိတဲ့ချစ်သူကို အကြိမ်ကြိမ်စိတ်ထဲက ခွင့်လွှတ်နေတတ်တာကို…
………………………..
………………………………..
………………………………………
အင်း…
သူ့ကိုသိပ်ချစ်တယ်ဆိုတာ တစ်ခုတော့ ချစ်သူသိကောင်းပါရဲ့နော်?
4th Feb 2010
5:37 AM
Thursday, January 14, 2010
အလွမ်းကြယ်
နောက်လှည့်လို့ တိုးတိတ်ကြိတ်ကာ မျက်ရည်ကျရတယ်
ထပ်တူမကျဘူး
မငြင်းပါနဲ့တော့
ငါ့ကိုငါလိမ်လို့ရဦးမယ့်အချိန်လည်း ကုန်ဆုံးလုပြီ
အပြစ်တင်ချင်တာ၊
ကြောက်တာ၊
ခံပြင်းတာ၊
ခွင့်မလွှတ်နိုင်တာ၊
ဒေါသထွက်တာ၊
စူးနင့်အောင် ဝမ်းနည်းတာ…
ဒါတွေအားလုံးပေါင်းပြီး တစ်ခွန်းပဲပြောဖြစ်ခဲ့တယ်
“အရမ်းချစ်တယ်”
ငါ့ရဲ့ခံစားချက်တွေ
ပါးပြင်ပေါ်က လိမ့်ဆင်းသွားကြပြန်တယ်
မနက်ဖြန်တွေကမသေချာဘူး
ငါသိတယ်
ပစ္စုပ္ပန်မှာ မပျော်ဘူး
အတိတ်ကိုပြန်ကြည့်တော့
သမိုင်းမကောင်းခဲ့ဘူး…
ပြီးပြည့်စုံတဲ့ အာမခံချက်မရှိဘူးပေါ့…
ဒါဟာတစ်ရက်စာအလွမ်းမဟုတ်ဘူး
တစ်သက်တာလို့ခံစားရတဲ့ အထီးကျန်ခြင်းပါ
နင်းလျှောက်ကာတက်သွားလို့ ချောမွေ့စေဖို့
အဲ့လှေခါးအောက်မှာ ငါ့နှလုံးသားလေ…
ကျေးဇူးတင်ဖို့မလိုဘူး
တစ်ချိန်မှာအမှတ်ရဖို့ပါ
ဘာပဲဖြစ်ဖြစ်
ကမ္ဘာကြီးကလုံးပါတယ်
ကျောခိုင်းလို့ထွက်သွားလည်း
တည့်တည့်ဆက်လျှောက်နော်
တစ်ချိန်ပြန်ဆုံစို့…။
EMS
၁၃.၁.၂၀၁၀
၁၂း၅၅
Monday, December 28, 2009
ခါးသီးသော အသံတိတ်များ

Friday, December 11, 2009
ငါဟာသေဆုံးခဲ့ပြီ
ရောက်ခဲ့ဖူးတဲ့နေရာနဲ့
မရောက်ဘူးသေးတဲ့နေရာကြား
ဘာကွားခြားမှုတွေရှိမှာလဲ
ငါဟာသေဆုံးခဲ့ပြီ
ငါကြားဖူးတဲ့အသံတွေမကြားရတော့ပေမယ့်
ငါမကြားဘူးခဲ့တဲ့အသံတွေကြားနေရတာက
ငါ့အတွက်တော့ စိတ်သက်သာရာရမှု တစ်ခုပါပဲ
ငါဟာသေဆုံးခဲ့ပြီ
အမှောင်မဟုတ်ပေမယ့်
အလင်းမဲ့တဲ့နေ့ရက်တွေမှာ ဘယ်လောက်ထိရှင်သန်နေရဦးမှာလဲလို့
ငါဟာအချိန်ပြည့် စဉ်းစားနေမိတယ်
ငါဟာသေဆုံးခဲ့ပြီ
မသေဆုံးခဲ့ချင်ပေမယ့်
နောက်တစ်ဖန်သေဆုံးဖို့ကိုပဲ
ငါမျှော်လင့်နေမိသေးတယ်
ငါဟာသေဆုံးခဲ့ပြီ
ငါ့ကိုဘယ်သူမှလွမ်းမနေဘူးဆိုတာသိရလို့လဲ
ထူးပြီးဝမ်းနည်းမနေတော့ဘူး
ကြိုတင်ပြင်ဆင်ခဲ့မိတဲ့အတွက် ငါ့ကိုငါကျေးဇူးတင်တယ်
ငါဟာသေဆုံးခဲ့ပြီ
တစ်ဖန်ပြန်လည်ရှင်သန်ခြင်းရဲ့ အဆုံးသတ်ဟာလည်း
သေဆုံးခြင်းပဲဖြစ်တော့မှာမို့
လက်ရှိအခြေအနေနဲ့ ငါကျေနပ်လိုက်ပြီ
Sunday, December 6, 2009
အသံမဲ့ငိုကြွေးခြင်း
Saturday, September 5, 2009
ကျွန်မရဲ့လမ်း
ဆေးလိပ် ၂ လိပ်လောက်သောက်လိုက်ပြီး စာကျက်ဖြစ်အောင် ကျွန်မကြိုးစားရပြန်တယ်... ဘယ်လိုမှ အင်အားတွေ မရှိတော့ပေမယ့် အမေ့ရဲ့မျက်ရည်တွေက ကျွန်မအတွက်တော့ အကောင်းဆုံးတွန်းအားတွေ ဖြစ်နေဆဲပေါ့...
Monday, May 11, 2009
ချစ်တယ်
ကျွန်မချစ်ရတဲ့သူတစ်ယောက်က နောက်ငါးနှစ်အထိပဲ သက်တမ်းရှိတယ်တဲ့… ကျွန်မ ဘယ်လိုမှ မယုံရဲပါဘူး… မယုံချင်ပါဘူး… သေခြင်းတရားဆိုတဲ့အရာကို ကျွန်မနီးနီးကပ်ကပ်ထိတွေ့ခွင့်ရခဲ့တာ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကျော်လောက်ကပေါ့… ကျွန်မရဲ့သူငယ်ချင်း တစ်ယောက် ယာဉ်တိုက်မှုဖြစ်ပြီး ပွဲချင်းပြီးဆုံးသွားခဲ့တယ်…
ကျွန်မရဲ့အဖိုးနှစ်ယောက်ဆုံးဖူးပါတယ်… ဒါပေမယ့် ကျွန်မမငိုခဲ့ဖူးဘူး… သိပ်ပြီးအနီးကပ်မနေခဲ့ဖူးလို့ဖြစ်မှာပါ… ဒါပေမယ့် ကျွန်မသူငယ်ချင်း… ဒါတောင်သိပ်ရင်းနှီးလှတဲ့ သူငယ်ချင်းမဟုတ်ပါဘူး… သူဆုံးတော့ ကျွန်မရှိုက်ကြီးတငင်ငိုကြွှေးခဲ့တယ်… အဲဒီအရာကြီး ကျွန်မစိတ်ထဲကနေပျောက်သွားဖို့ တော်တော်အချိန်ယူခဲ့ရပါတယ်… အခုတော့ ကျွန်မချစ်ရတဲ့သူ… အား… ကျွန်မဘယ်လိုယုံရမှာလဲ…
ကျွန်မတို့နှစ်ယောက်ရဲ့ချစ်ခြင်းက ဖြူစင်တယ်… ဘာအရောင်မှ မပါဘူး… အဖြူထည်သက်သက်ကလေး… သူငယ်ချင်းလိုအချစ်၊ မောင်နှမလိုအချစ်၊ နောက်ဆုံးသမီးရည်းစားလိုအချစ်… အဲဒါတွေအကုန်ပါချင်ပါမယ်… ဒါပေမယ့် ဖြူစင်တယ်… ကျွန်မတို့နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက်ပိုင်ဆိုင်ဖို့ မကြိုးစားကြဘူး… ဘာကြိုးနဲ့မှ ချည်နှောင်ဖို့လည်း မစဉ်းစားဘူး… မချည်နှောင်ပဲနဲ့ ကျွန်မတို့နှစ်ယောက်လုံးသိကြတာက တစ်ယောက်နဲ့တစ်ယောက် ရုန်းထွက်နိုင်တော့ဘူးဆိုတာပဲ… ဆိုင်သူတွေကိုယ်စီ ရှိချင်ရှိကြလိမ့်မယ်… ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် စိတ်ထဲမှာရှိနေရုံလေးနဲ့ အတွေးကိုယ်စီအေးမြနိုင်တယ်…
ကျွန်မတို့နှစ်ယောက်မြတ်နိုးစွာနဲ့ တွယ်တာမိတယ်…
ခွဲလို့မရအောင်လည်း နှောင်တွယ်မိတယ်…
မုန်းလို့မရအောင် ချစ်မိသလို…
မေ့လို့မရေအောင်လည်း လွမ်းမိကြတယ်…
ဘယ်သူတွေက ဘာတွေပြောနေပါစေ… ဘယ်သူတွေက ဘာတွေထင်နေပါစေ… ငါးနှစ်ဆိုတဲ့အချိန်ကာလတစ်ခုကို ကျွန်မတို့နှစ်ယောက် မေ့ထားပြီး တစ်ယောက်အတွက်တစ်ယောက် အကောင်းဆုံးဖြစ်အောင်ကြိုးစား၊ လျှောက်တဲ့လမ်းချင်းမတူတူအောင်ငြှိရင်း ပြန်လှည့်လို့မရတဲ့ခြေလှမ်းတွေ တစ်ထပ်ကြီးနဲ့ သက်ပြင်းတွေချလို့ ချစ်တယ်ဆိုတဲ့စကားကို ဘယ်သူမှမကြားရလေအောင် ရင်နင့်စွာပြောဖြစ်နေဦးမှာပါ…
Saturday, May 2, 2009
ဂျစ်ပစီပြောတဲ့ကောင်းကင်
ဒီမှာနေရတဲ့ဘဝက စိတ်ပူပန်စရာများလှပါတယ်… မိဘရင်ခွင်နဲ့ဝေးနေတော့ အရင်လို “အဆင်သင့်”ဆိုတာ ဘာမှ မရှိတော့သလောက်ပဲ… ဒါပေမယ့် ဒါကအဓိကမဟုတ်သေးဘူး… လူဆိုတာတစ်ကြိမ်တစ်ခါတော့ အိမ်လွမ်းဖူးကြတာပဲလေ… တိုးတက်ရာတိုးတက်ကြောင်းရှာတဲ့အချိန်မှာ ဒါတွေကြုံလာမှာပဲဆိုတာ ကျွန်မမျှော်လင့်ပြီးသားပါ…
ဒါပေမယ့်တစ်ခုကဘာလည်းဆိုတော့… ကျွန်မကိုယ်ကျွန်မ ပျော်ရွှင်နေတဲ့သူတစ်ယောက်အဖြစ် မမြင်တွေ့ရတော့တာပဲ… ဟုတ်တယ်… ကျွန်မကိုမြင်ရင် လူတိုင်းကို များသောအားဖြင့် ပြုံးပြနေတာမြင်လိမ့်မယ်… တကယ်ကိုလှိုက်လှိုက်လှဲလှဲပါပဲ… ဒါပေမယ့် ကျွန်မစိတ်ထဲမှာ လုံးဝမပျော်ဘူး…
ကျွန်မမှာ အကောင်အထည်ဖော်ရမယ့် အိမ်မက်တွေရှိတယ်… တစ်ချိန်ထဲမှာပဲ ကိုယ့်ကိုယ်ကို ရည်ရွယ်ချက်ပျောက်ဆုံးနေသလို ခံစားရပြန်တယ်… အဲဒီအိမ်မက်တွေ ဖြစ်လာခဲ့တဲ့တစ်ချိန် ကျွန်မပျော်ရွှင်နိုင်မယ်လို့ ယုံကြည်မှုမရှိဘူး… အဲဒီအိမ်မက်တွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ရယူဖို့ ကျွန်မကိုပေးနေတဲ့တွန်းအားတစ်ခု မရှိဘူး… အဲဒီအိမ်မက်တွေ ဘယ်မှာလဲ… မသိဘူး…
ကျွန်မအိမ်မက်တွေ တကယ်ဖြစ်လာတဲ့အချိန်မှာ ဂုဏ်ယူနေတဲ့မိဘတွေကို ကြည့်ပြီး ကျွန်မပျော်မှာလား… ဒါမှမဟုတ် ဝိုင်းပြီး လက်ညိုးထိုးချင်တဲ့သူတွေ ကျွန်မအိမ်မက်တွေအကောင်အထည်ပေါ်တာကိုမြင်၊ သူတို့တွေမှင်သက်ပြီး ဘာမှမပြောနိုင်တော့တာကို ကြည့်ပြီး ကျွန်မပျော်နေမလား… ဒီလိုမဟုတ်ရင်ရော? ကျွန်မအိမ်မက်တွေအတိုင်း ကျွန်မကြောင့် သူများတွေရဲ့ဘဝလေးမြင့်မားသွားတာ၊ တစ်နည်းနည်းနဲ့ ကျွန်မကြောင့် သူတို့အကျိုးတစ်ခုခုရှိသွားတာ… အဲဒါတွေကို ကြည့်ပြီး ကျွန်မပျော်ရွှင်မလား…
အိမ်မက်စမက်တဲ့အချိန်တုန်းက ကျွန်မမှာ ယုံကြည်မှုအပြည့်ရှိခဲ့တယ်… အဲဒီယုံကြည်မှုတွေ အခုဘယ်မှာလဲ… ဖြစ်နိုင်မယ်ဆိုရင် အခုချိန်မှာ တစ်ခုတည်း……………… ကျွန်မယုံကြည်တာတွေကို ဖြစ်စေဖို့ တွန်းအားလေးတစ်ခုပေးပါ… ဘာလို့လဲဆိုတော့ ကျွန်မကိုယ်တိုင်ရော၊ ကျွန်မရဲ့ဘေးကလူတွေမှာရော အတွေးတစ်ခုပဲရှိကြတယ်…
“ကျွန်မဒီနေရာမှာတင် မရပ်နေရဘူး”
Monday, April 20, 2009
ရင်ခွင်ဟောင်း
ကျွန်မက အစွဲအလမ်းကြီးတယ်… ပိုင်ဆိုင်လိုစိတ်များတယ်… အဲဒါအမှားတစ်ခုလည်း ဖြစ်ချင်ဖြစ်မှာပါ… အဲဒီစိတ်ကြောင့်သာ ကျွန်မမှာပိုင်ဆိုင်ခွင့်မရှိတော့တဲ့ ရင်ခွင်ကို ကျွန်မပိုင်ဆိုင်သေးတယ်လို့ ရူးရူးမိုက်မိုက်စိတ်ကူးယဉ်ကြည့်မိတာပေါ့…
အကောင်းတကာ့ အကောင်းဆုံးတွေကိုလုပ်ပေးမယ်လို့ ဆုံးဖြတ်ခဲ့တာလေ… ဆုံးဖြစ်ချက်တစ်ခု ခိုင်မာချိန်မှ အကောင်းဆုံးတွေကို လက်ခံမယ့်သူက တစ်ချက်လေးပဲ ခေါင်းခါတယ်… ကျွန်မကြိုးစားနေတဲ့ အကောင်းဆုံးဆိုတာ ဘာအဓိပ္ပါယ်ရှိနိုင်သေးလဲကွယ်… သဲထဲရေသွန်ဆိုတဲ့စကားတစ်ခုရဲ့ အတိမ်အနက်ကို အဲဒီကြမှ သိလိုက်တယ်…
ကျွန်မအထိနာခဲ့ပါတယ်… ကျွန်မရခဲ့တာတွေက တကယ်ရှိမလိုနဲ့ မရှိတဲ့ တံလျှပ်လိုလား… ဒါမှမဟုတ်ကျွန်မပေးခဲ့တာတွေက သူ့အတွက် တကယ်ရှိပေမယ့် မရှိဘူးလို့ထင်ရမယ့်၊ သူမမြင်နိုင်မယ့် လေပြေလေညင်းတစ်ခုလား…
ဒြပ်မဲ့တဲ့အရာတော်တော်များများကို ကျွန်မပေးခဲ့တယ်… ကျွန်မရဲ့အချစ်၊ ကျွန်မရဲ့နားလည်မှု၊ ကျွန်မရဲ့မေတ္တာ၊ ကျွန်မရဲ့အချိန်တွေ အကုန်လုံးပေါ့ရှင်… သူလိုသည်ဖြစ်စေ မလိုအပ်ဘူးဖြစ်စေ သူ့အတွက် ဒီအရာတွေက အမြဲတမ်းအချိန်ပြည့် ရှိနေမှာပါ…
ရယ်တော့ရယ်ရသားနော်… ကျွန်မဘဝထဲကို သူရောက်လာတည်းက ကျွန်မမှာ မနက်တိုင်းပြုံးဖို့ အကြောင်းရင်းတစ်ခု ရှိလာခဲ့တာ… ဒါကိုတောင် သူက ကျွန်မအချစ်တွေကို မခံစားရဘူးတဲ့…
မထိုက်တန်ဘူးလို့မပြောရက်ဘူး… သူနဲ့ထိုက်တန်တယ်ထင်လို့ ကျွန်မအချစ်ကို ပေးခဲ့မိတာပဲ… မခံစားခဲ့ရဘူးဆိုတဲ့သူအတွက်တော့ မြင်အောင်မပြနိုင်ခဲ့တဲ့ ကျွန်မကိုယ်ကျွန်မပဲ အပြစ်တင်ပါတယ်…
တစ်ခါတစ်လေခံစားချက်တစ်ခုက အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ပင်လယ်အောက်က မီးတောင်တစ်ခုဆိုတာ ကျွန်မမသိခဲ့ပါဘူး… ဒုတိယအကြိမ်သူနဲ့ ပြန်တွေ့တဲ့အထိပေါ့… ရယ်မောဖို့ကောင်းစွာပဲ ကျွန်မမြင်နေကျ မသိချင်ယောင်ဆောင်မှုတွေကို သူ့ဆီမှာမြင်ရပြန်တယ်… မြင်နေကျဖြစ်လို့ ထူးထူးထွေထွေ ခံစားမနေပေမယ့် နောက်ဆက်တွဲမေးခွန်းက ကပ်ပါလာတယ်…
“နင်တကယ်ပဲ ငါ့ကိုမချစ်ခဲ့ဖူးဘူးလား”
သိပါတယ်… အဖြေကိုသိတယ်… ဒါပေမယ့်လေ… သေမိန့်ကျပြီးမှတော့ ကျိန်ဒဏ်ထပ်ခံရလည်း မထူးတော့ဘူးဆိုသလိုပေါ့… မချစ်ဘူးဆိုတာသိပေမယ့် အဲဒီမသိချင်ယောင်ဆောင်မှုတွေနဲ့ တစ်ခါတစ်ရံပေးတတ်တဲ့ သူရဲ့အတုအယောင်ယုယမှုတွေမှာ ကျွန်မလည်း ဘယ်အချိန်ထိ မိန်းမောပြီး ဘယ်အချိန်များမှ နိုးထနိုင်မယ်ဆိုတာ ဘုရားပဲသိမှာလေ…
သူကတော့ ရင်ခွင်ပေါင်းစုံမှာ အလည်လွန်နေရင်း အသိစိတ်ပြန်ဝင်တဲ့တစ်နေ့ ငါ့ကိုတကယ်ချစ်ခဲ့တာသူပါလားလို့ စဉ်းစားနေမလားမသိဘူးနော်… ဒါကလည်း ကျွန်မရဲ့ ရူးမိုက်တဲ့ထင်မြင်ချက်တစ်ခုပါ…
သို့ ဖေဖေနဲ့မေမေ
To Parents Feat Hnin & Sweet - Aye Wutt Yi Thaung
လွမ်းလိုက်တာ ဖေနဲ့မေရယ်… တစ်ခါတစ်လေကျတော့လည်း လူတွေကထင်သလောက် မဖြူစင်ဘူး… အဖေအမေရဲ့အရိပ်အောက်မှာ လိုလေသေးမရှိ ကြီးပြင်းလာခဲ့တဲ့သူအတွက် ဒီလောက်တော့ငြီးငြူခွင့်ရှိမှာပါ… ဘာအပူအပင်မှ မရှိဘဲ နေခဲ့ရတဲ့အချိန်တွေကို လွမ်းလိုက်တာ… တစ်ချိန်ကတန်ဖိုးမထားခဲ့တာကို စဉ်းစားမိလိုက်ရင် ကိုယ့်ကိုယ့်ကို အပြစ်တင်လို့မဆုံးပါဘူး
တစ်ခါတစ်လေကျရင် အိမ်ပြန်ဖို့အတွက် ရှိသမျှအရာတွေကို စွန့်လွှတ်လို့ရမယ်ဆိုရင် စွန့်လွှတ်ပြီး ပြန်လာလိုက်ချင်ပါတယ်… ဒါပေမယ့် သမီးအတွက် အမြဲတမ်း ဂုဏ်ယူနေရတဲ့ မိဘတွေအတွက် သမီးဆက်ပြီး ကြိုးစားနေရဦးမှာပါ… ဘယ်လိုအခက်အခဲ စိတ်ဆင်းရဲမှုတွေရှိတယ်ဆိုတာ အဖေတို့အမေတို့ သိပြီးစိတ်ညစ်မနေစေရပါဘူး…
တွက်ကတ်တတ်တဲ့သူတွေကြား၊ လူမှုရေးနားမလည်တဲ့သူတွေကြား၊ တစိတ်ရှိရင် နှိမ်တတ်တဲ့သူတွေကြား၊ ကူညီရိုင်းပင်းစိတ်ဆိုတာ ဘာမှန်းမသိတဲ့သူတွေကြား၊ မျက်နှာသာမပေးတတ်တဲ့သူတွေကြား၊ စက်ရုပ်တမျှရှင်သန်နေတဲ့သူတွေကြား၊ ငါမှငါဆိုပြီး ငါကိုရှေ့တန်းတင်နေတဲ့သူတွေကြား၊ အဲဒီလူတွေ ပြည့်နှက်နေတဲ့ ဟောဒီ ကျွန်းကလေးမှာ သမီးတော့မပျော်နိုင်ပါဘူး မေနဲ့ဖေရယ်…
အိမ်ပြန်ရောက်ရင် အမေချက်တဲ့ထမင်း မရှိဘူးမေ… နေမကောင်းလို့ ဆေးချော့တိုက်မယ့်သူ မရှိဘူး… ဖုန်းလာလို့ ဘယ်သူ့ဆီကလည်းလို့ စိတ်ဝင်တစားလိုက်မေးမယ့်သူလည်း မရှိဘူး… ရင်ဖွင့်ချင်လို့ တီးတိုးဖော် အမေ့လို ယုံကြည်စိတ်ချရတဲ့သူငယ်ချင်း သမီးရှာမတွေ့ဘူး… အရင်လို အမေဆူသံလည်း သမီးမကြားရပါဘူး… အချိုးမပြေလို့ အမေဆူတိုင်း ဂျစ်တိုက်ပြီး အမေ့ကို မခေါ်မပြောနေတတ်တဲ့ သမီးတစ်ယောက် အဝေးရောက်နေလို့ အမေတစ်ယောက် လွမ်းနေမလားမသိဘူးနော်…
အဖေလည်း သမီးကို သတိရမှာပါ… တကယ်တမ်းတော့ အဖေ့ကိုလည်း လွမ်းလို့မဆုံးဘူး… ဒါပေမယ့် အမေ့ကိုဖုန်းဆက်ပြီးပြောပြသလို ဟိုအကြောင်း ဒီအကြောင်း ထွေရာလေးပါးတော့ အဖေ့ကိုဖုန်းဆက်မပြောဖြစ်ဘူး… လေးစားရတဲ့ တည်ကြည်တဲ့အဖေတစ်ယောက်ဖြစ်တာကြောင့်တစ်ကြောင်း၊ နောက်ပြီး အဖေအလုပ်များနေမှာရယ်ကြောင့်သာ တကယ်တမ်းကိစ္စရှိမှ အဖေနဲ့စကားပြောဖြစ်တယ်… ဒါပေမယ့် ပိုက်ဆံလိုမှ အဖေ့ဆီဖုန်းဆက်ဖို့သတိရတဲ့ သမီးမျိုးတော့ မဟုတ်ပါဘူးအဖေ… ဒါကို ဖေနားလည်မှာပါ…
အမြဲတမ်းဖုန်းဆက်ဖြစ်ရင် အဖေတို့အမေတို့ နေကောင်းရဲ့လားလို့ တစ်ခွန်းမမေးဖြစ်ဘူး… ဒါပေမယ့် ညဖက်တစ်ရေးထထနိုးရင်း အဖေတို့ နေမှကောင်းကြရဲ့လားလို့ တွေးပြီးပူခဲ့ရတဲ့ညတွေ မနည်းတော့ပါဘူး… မမေးဖြစ်ခဲ့တာက အဲဒီစကားတွေကို သမီးတစ်ရင်းတစ်နှီး မသုံးဘူးခဲ့လို့ပါ…
တစ်ခါတစ်လေကျရင် အူကြောင်ကြောင် အတွေးတွေလည်း သမီးတွေးမိသေးတယ်… သမီးအသက်မကြီးသွားချင်ဘူးလို့လေ… တစ်ချိန်သမီးအိမ်ပြန်လာပြီး အဖေတို့အမေတို့နဲ့ပြန်တွေ့တဲ့အချိန်ကျရင် ငါ့သမီးက အသက်ကြီးလို့ ရင့်ကျက်လာပြီဆိုပြီးတော့ လူကြီးတစ်ယောက်လို ဆက်ဆံခဲ့ရင် သမီးအရင်လို ချွဲခွင့်မရတော့မှာစိုးလို့…
မေနဲ့ဖေက ပြောဖူးတယ်… မိဘမေတ္တာဆိုတာ စုန်ရေပဲတဲ့… သမီးနားလည်ပါတယ်… အပြန်မရှိဘူးဆိုတာကိုပြောတာ… ဘာကိုမှာ ပြန်မမျှော်လင့်ဘူးဆိုတာကိုပြောတာ… ဒါပေမယ့်လေ… သမီးကိုပေးခဲ့တာထက် မေနဲ့ဖေကို ပြန်ပြီးပေးဆပ်ချင်ပါတယ်… အခုချိန်မှာ စကားအဖြစ်ပဲပြောနိုင်သေးတဲ့သမီးတစ်ယောက်ကို အပြစ်မတင်ဘူးဆိုတာသိပေမယ့် စိတ်တော့မသန့်ပါဘူး မေနဲ့ဖေရယ်…
တွေးပြီးပူရတာဆိုးတယ်လို့ အမေကခဏခဏပြောဖူးတယ်… နားလည်ပေမယ့် ကိုယ်ချင်းမစာတတ်ခဲ့ဘူး… အမေနေမကောင်းဘူးပြောတော့လည်း သမီးခြေမကိုင်မိ လက်မကိုင်မိဘူး… အိမ်မှာ လူတိုင်းကိုအမေဖြည့်ဆည်းပေးနေတာ… အမေနေမကောင်းတော့ ဘယ်သူဂရုစိုက်မှာလဲ… အဖေနေမကောင်းလို့ အသံပျော့နေတော့လည်း သမီးကြိတ်ငိုရတာပဲ… ဘယ်လောက် နေမကောင်းဖြစ်ဖြစ် အမြဲအားတင်းထားတဲ့အဖေတစ်ယောက် သမီးအသံကြားလို့ နေမကောင်းတာ တစ်ဝက်လောက်သက်သာတယ်ဆိုရင် ကျေနပ်ပါပြီဖေရယ်…
အချိန်ကြာလာတာနဲ့အမျှ အမေနဲ့အဖေရဲ့ မျက်ရည်တွေကို သမီးခံနိုင်ရည်မရှိတော့ဘူး… သမီးအတွက်ဝမ်းသာတော့လည်းငိုရ စိတ်ပူတော့လည်းငိုရ ဘယ်အချိန်မှာများမှ အပြည့်အဝပျော်ရအောင် ဖန်းတီးပေးနိုင်မလဲမသိဘူး ဖေနဲ့မေရယ်…
အခုသမီးဆီမှာ အသိစိတ်တွေလည်း ဝင်သင့်သလောက်ဝင်နေပါပြီ… ဖေနဲ့မေကို တတ်နိုင်သလောက် စိတ်ချမ်းသာအောင်ထားဖို့ပဲ ရှေ့လျှောက်စဉ်းစားတော့မယ်… အဲဒီအနွေးထွေးဆုံးရင်ခွင်လေးတစ်ခုကို ဖန်တီးပေးခဲ့လို့ ဖေနဲ့မေကို ကျေးဇူးတင်လို့ မဆုံးပါဘူး… သမီးရဲ့ကောင်းမှု ဆိုးမှုအားလုံးကို လက်ခံပေးနိုင်တဲ့ အဲဒီနေရာတစ်ခုကို ပြန်လာရမယ့်ရက်တစ်ရက် လက်ချိုးရေတွက်ရင်း အခုတော့ လွမ်းနေတယ်အဖေနဲ့အမေ…
Friday, March 20, 2009
ရရှိမှု
YaShiMhu - Khin Phone
ကျွန်မလေရှင့်အကြောင်းကို စဉ်းစားမိတိုင်း ကျွန်မရဲ့နှလုံးသားက တစ်စက်စက်နဲ့ သွေးယိုလာသလို နာကျင်လာတယ်… တကယ်တော့ ကျွန်မသိခဲ့ဖို့ကောင်းတယ်… အချစ်မှာ Past Tense မရှိဘူးဆိုတာ… အချစ်မှာ ချစ်ခဲ့တယ်ဆိုတာမရှိဘူး… လူတစ်ယောက်ကို ချစ်မိရင် အဲဒီလူဘာပဲဖြစ်ဖြစ် ဘယ်အခြေအနေမျိုးနဲ့ပဲရှိရှိ ဆက်ချစ်နေမှာပဲ… ဘယ်အခြေအနေကမှာ အဲဒီအချစ်ကို ဖျက်ဆီးပစ်လို့မရပါဘူး… ကျွန်မလည်း အခုဒီလိုပါပဲ… ရှင်ကလွဲပြီး ဘယ်သူ့ကိုမှ ချစ်လို့မရဘူးရှင်… အဲဒါဟာ ရှင့်နောက်မှထားတဲ့ ကျွန်မရဲ့ရည်းစားပေါ် သစ္စာဖောက်မှုဖြစ်နေတော့မလားဆိုတာ ကျွန်မမသိဘူး…
ကျွန်မရှင့်ကို နာကျည်းလိုက်ချင်ပါတယ်… ဒါပေမယ့် နာကျည်းလို့မရလောက်အောင် ကျွန်မရှင့်ကို မြတ်နိုးမိနေတယ်… ကျွန်မရှင့်ကို မုန်းတီးလိုက်ချင်တယ်… မုန်းတီးလို့မရလောက်အောင်လည်း မက်မောတမ်းတခဲ့မိတယ်… အငြိုးတကြီးနဲ့ လက်စားချေချင်စိတ်တွေလည်း ပေါ်လာဖူးတာပဲ… ဒါပေမယ့် နူးညံ့မှုနည်းနည်းမှမပါတဲ့ ရှင့်ရဲ့ခေါ်သံအောက်မှာ အရည်ပျော်ခဲ့ရတာ အကြိမ်ကြိမ်ပဲပေါ့… ချစ်ခဲ့တဲ့အချိန်တွေမှာ ရှင့်ဘက်ကဖန်တီးပေးတဲ့ ပျော်ရွှင်မှုဆိုတာ ရှိခဲ့ဖူးလား… သာမန်မိန်းမတိုင်းကို စိတ်ညစ်လောက်စေမယ့် ရှင့်ရဲ့လျစ်လျုရှုမှုတွေကြားမှာ ကျွန်မကသာရှင့်ကိုချစ်လွန်းလို့ ပျော်ရွှင်နေခဲ့ဖူးတာ… ဆန့်ကျင်စွာနဲ့ပဲ ကျွန်မဖန်တီးပေးသမျှ ရှင့်အတွက်ပျော်ရွှင်မှုတွေကိုတော့ ရှင်မြင်နိုင်စွမ်းမရှိနိုင်ခဲ့ဘူးပေါ့…
ထားလိုက်ပါတော့လေ… ကြာခဲ့ပါပြီ… ဒါပေမယ့် အခုတော့ ဒီသီချင်းနားထောင်ပြီး ရှင့်ကိုကျွန်မလွမ်းနေတယ်… ရှင်သိသိမသိသိပေါ့…
ရရှိမှု-ခင်ဘုဏ်း
မာနတွေကင်းမဲ့
ခွင့်လွှတ်ခဲ့ပါတယ်
အချစ်ဆုံးသူလေးရဲ့
မင်းသဘောထားတွေနဲ့
မတိုက်ဆိုင်တာလေးတွေ
ကြုံလာတိုင်းငါ့ရဲ့အပြစ်ဆို
အနိုင်မယူချင်လို့
အရှုံးပေးမယ့်သူပါ
နင့်အနားမှာအဖြည့်ခံ
မင်းစိတ်ကြိုက်ပါပဲ
နာကျည်းအောင်မင်းလေး
ရက်စက်တတ်တာပဲ
ဘဝကိုပုံအပ်ထား
မငြိုငြင်ဘူးမင်းအတွက်ဆို
ချည်နှောင်ခါလည်း
မမုန်းရက်ခဲ့သူပါ
ငါလေမင်းကြောင့်ပျော်ရွှင်ခဲ့ဘူးတယ်
ခဏလေးမင်းကြောင့်အိပ်မက်များ လှပခဲ့ပေမယ့်
ငါလေမင်းကြောင့်ငိုနေခဲ့ဖူးတယ်
ငါလေမင်းကြောင့်ဒဏ်ရာများ
ရခဲ့ဖူးပါတယ်
ဘေဘီ
Thursday, March 19, 2009
စာမေးပွဲ အဖျား so called exam fever :P
အမေတို့ အဖေတို့ရေ စာမေးပွဲကျခဲ့ရင် နားလည်ပေးနိုင်ကြပါစေ… ရပ်ဝေးမှာရှိနေတဲ့သမီးကို ပိုက်ဆံလည်း များများထက်ပို့နိုင်ကြပါစေ… :P စာမေးပွဲကျခဲ့ရင် ပိုက်ဆံကလည်း ထပ်ကုန်ဦးမှာကိုး…
တစ်ခုတော့လည်းကောင်းပါတယ်လေ… ချစ်လှစွာသော dear lecturer နဲ့တော့ ပြန်တွေ့ရမှာပေါ့နော်… ဟီးဟီး… ကျခဲ့ရင်ပြောပါတယ်… ဆရာရေ… ပြန်တွေ့ရဖို့ သမီးအကျခံလိုက်တော့မယ်…
အင်း… တက်ခဲ့တာတွေ အလကားမဖြစ်ရအောင်တော့ မနက်ဖြန်မှာ အတတ်နိုင်ဆုံး ဦးနှောက်အခမ်းခံ အဲလေ အခြောက်ခံတယ်ပြီး ရသလောက်တော့ ဖြေရတော့မှာပေါ့… ရှိရှိသမျှ အတွင်းမင်း အပြင်မင်း ဝင်းမင်းများလည်း သိသိသမျှနည်းများနဲ့ ကယ်တော်မူကြပါကုန်… အိမ်ကအမေလည်း ဘုန်းဘုန်းဖယောင်းတိုင်ထွန်းပြီး ဆုတောင်းပေးပါလော့ :P အဖေ့ရဲ့မီးခံသေတ္တာထဲကငွေများလည်း မျက်ခုံးလှုပ်နေပြီလားမသိပါ…
ခံစားချက်ချင်း လောလောဆယ်တူညီနေတဲ့ သူငယ်ချင်းများကိုလည်း အားပေးပါတယ်… နင်တို့ချည်းပဲမဟုတ်ဘူး… အဖော်ရှိသေးတယ်လို့… ဟီးဟီး…
ကဲကဲ… အားလုံးပဲ အိပ်ကောင်းခြင်းနဲ့ အိပ်ပျော်ကြပါစေ… စာကြိတ်ကျက်သူများမပါ :P
